လာအိုနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်နှင့် ဇနီးတို့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့က ဂုဏ်ပြုကြိုဆို

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၅

လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ် နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်တို့အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က  ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုသည်။

 

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်လာသော လာအိုနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက် သည်။

 

ထို့နောက် မြန်မာ-လာအို နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးဖေဇင်ထွန်း၊  ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ၊ လာအိုနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေး ဆက်လက် ကျင်းပရေးနှင့် စက်တင်ဘာလ တွင် ကျင်းပမည့် နယ်စပ်ဒေသ ဗဟိုအာဏာပိုင်အဖွဲ့ အစည်းအဝေး ကျင်းပရေးဆိုင်ရာများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် ပူးတွဲ ဆောင်ရွက်ရေး၊ ရာသီဥတု ဒဏ်နှင့် ရေတိုက်စားမှုဒဏ်ကြောင့် ပျက်စီးခဲ့သည့် နှစ်နိုင်ငံအကြား နယ်နိမိတ် မှတ်တိုင်များ ပူးတွဲပြင်ဆင်သွားရေး၊ ရန်ကုန်-ဗီယင်ကျန်း၊ လွမ်ပရာဘွမ်-ပုဂံ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ပြန်လည်စီစဉ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား တည်ဆဲ သဘော တူညီချက်များ ပြန်လည်သုံးသပ်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ပံ့ပိုးကူညီသွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ မြန်မာ-လာအို ချစ်ကြည်ရေး တံတားစီမံခန့်ခွဲမှုဆိုင်ရာ သဘောတူစာချုပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith တို့က နှစ်နိုင်ငံသမ္မတများ ရှေ့မှောက်၌ လက်မှတ် ရေးထိုးကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့အား နိုင်ငံတော်သမ္မတ အိမ်တော်၌  ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

နေ့လယ်စာစားပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များ၊  ဇနီးများနှင့် အဖွဲ့ဝင်များသည် သဘင်ဆောင်၌ ယဉ်ကျေးမှုပဒေသာကပွဲဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။

 

ယင်းနောက် လာအိုနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်နှင့် ဇနီးတို့သည် ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

 

ထို့နောက် ဆင်ဖြူတော်ကို ကြည့်ရှုလေ့လာကြသည်။

 

လာအိုနိုင်ငံသမ္မတ၏ ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင်  ကျောက်မျက် ရတနာ ပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာသည်။

 

ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပြန်လည် ထွက်ခွာ သွားကြသည်။

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် အစိုးရသစ် တာဝန်ယူပြီးနောက်  ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ မေ ၆ ရက်တွင် သွားရောက်ခဲ့ပြီး ယခုအခါ လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ခြင်း ဖြစ်သည်။

 

ယခုအစိုးရသစ်လက်ထက်တွင် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး သည် ဇွန် ၇ ရက်မှ ၉ ရက်အထိ လည်းကောင်း၊ မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာ ဇတ်ခ်ဟီးလ် ယာဒ် အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ သည်  ဇွန် ၁၄ ရက်မှ ၁၆ ရက်အထိ လည်းကောင်း ချစ်ကြည်ရေး ခရီး လာရောက်ခဲ့ကြပြီး ယခု လာအိုနိုင်ငံသမ္မတ၏ ခရီးစဉ်သည် သုံးယောက်မြောက် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်ဖြစ်သည်။

 

မစ္စတာ ဘွန်ညံ ဗိုရာချစ်သည်  ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပထမအကြိမ်နှင့် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒုတိယ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် တတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ကြောင်း၊  ယခုခရီးစဉ်သည် ၎င်း၏ စတုတ္ထမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ် ကြောင်း သိရှိရသည်။