နိုင်ငံတော်သမ္မတ ဦးထင်ကျော် မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့တွင် မကွေးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှု များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာ အောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ဝင်းမြတ်အေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင်  အထူးလေယာဉ်ဖြင့် နေပြည်တော်မှ မကွေးမြို့သို့ ရောက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတအား လေဆိပ်ဧည့်ခန်းမဆောင်၌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က  တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု အခြေအနေ၊ ဆည်မြောင်း တာတမံများအတွင်း ရေဝင်ရောက်မှု နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စာရင်းဇယားများ စနစ်ကျမှန်ကန်ရန်၊ အဖွဲ့ အစည်းအသီးသီးမှ ကူညီထောက်ပံ့ပေး သည့် ထောက်ပံ့ရေးပစ္စည်းများကို ရသင့်ရထိုက် သူများထံ အမှန်တကယ် ပြည့်ပြည့်၀၀ ရောက်ရှိအောင် တာဝန်ရှိသူအဆင့်ဆင့်က စေတနာ ထားကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများ  ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မကွေးမြို့မှ တပ်မတော် ရဟတ်ယာဉ်များဖြင့်   မင်းဘူးမြို့သို့ ရောက်ရှိကြပြီး မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီးကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသာသနဓဇ အမှူးပြုသည့် ဆရာတော်သံဃာတော် များအား ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

 

ယင်းနောက် အဆိုပါကျောင်းတိုက် မြသုခဓမ္မာရုံ၌  ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး  ထောက်ပံ့ပစ္စည်း များအား ပေးအပ်သည်။

 

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒက အမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် ကုန်းဇောင်းကျေးရွာ စက်တန်းရပ်တာ၌ ကုန်းဇောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ များမှ ရေဘေးသင့်ပြည်သူများ၏ အခြေအနေများနှင့် ရေဝင်ရောက်မှု  အခြေအနေများကို  ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေး စကား ပြောကြားသည်။

 

ယင်းနောက် ပခုက္ကူမြို့ ရွှေသိမ်တော်ဓမ္မရိပ်သာ၌ ကျောင်းတိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒော ဘာသ အမှူးပြုသည့် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ယာယီဓမ္မာရုံ အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။  

 

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားများ၌ န်ိုင်ငံတော်သမ္မတက ရေဘေးသင့် ပြည်သူများကို အားပေး စကားပြောကြားရာတွင် ယခုကဲ့သို့ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသည့် အခါများတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူလူထုနှင့် လူမှု အဖွဲ့အစည်းအသီးသီးတို့က စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်ကို တွေ့မြင်ရသဖြင့် ဝမ်းသာမိပါကြောင်း၊ ထိုကဲ့သို့ မိသားစုဆွေမျိုး အရင်းအချာသဖွယ် တတ်နိုင်သည့် ဘက်မှ ပံ့ပိုးကူညီကြသည့် အတွက်လည်း အားတက်မိပါ ကြောင်း၊  ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ လတ်တလော လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက်ကူညီ ပံ့ပိုး ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။    

 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပွား ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များတွင် မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာ ၃၆၀၊ အိမ်ထောင်စု ၃၁၄၄၁ စုတို့အား ရေဘေးကင်းလွတ် သည့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ပြီး နိုင်ငံတော် အစိုးရနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ပဲအမျိုးမျိုး၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် အလှူငွေအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်းနှစ်ထောင့်နှစ်ရာကျော် ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။