နိုင်ငံတော်သမ္မတ ဦးထင်ကျော် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော်  ဩဂုတ် ၂၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဩဂုတ် (၂၄) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးဝင်းခိုင်တို့နှင့်အတူ နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ညောင်ဦးမြို့သို့ ရောက်ရှိကြသည်။

 

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ပုဂံ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်၌ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပုဂံနှင့်ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု ဒေသအတွင်း ငလျင်ဒဏ်ကြောင့် ဘုရား၊ စေတီ ပုထိုးများ ပျက်စီးမှု၊ ရှေးဟောင်းပစ္စည်းများ မှတ်တမ်းတင် သိမ်းဆည်းနိုင်ရေးအတွက် နယ်မြေ (၁၁) ခု သတ်မှတ်၍ ခွဲဝေတာဝန်ပေးအပ်မှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖြည့်စွက် တင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပျက်စီးစာရင်းများအား စနစ်တကျ ပြုစုထားရန် နှင့် သာသနာရေးဆိုင်ရာ ရှေးဟောင်း အမွေအနှစ် ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးခရီးသည်များ လာရောက်ကြရာတွင် အခွင့်အရေး ဆုံးရှုံးမှု မရှိစေဘဲ ဖူးမြော် လေ့လာခွင့် ရရှိစေရေး၊ ပျက်စီးမှုမရှိသော နေရာများတွင် လွတ်လပ်စွာ လေ့လာ ခွင့်ပြုသွားရန်နှင့် ပျက်စီးမှု ရှိသော နေရာများတွင်လည်း အနီးစပ်ဆုံး ဝင်ရောက်နိုင်သော နေရာအထိ ဝင်ရောက် ဖူးမြော်လေ့လာ မှတ်တမ်းယူနိုင်ရေး ဆောင်ရွက်ပေးရန်၊ လာရောက်လေ့လာသူများ စိတ်အနှောက်အယှက် မဖြစ်စေရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပျက်စီးသွားသည့် စေတီပုထိုးများအား မိုးဒဏ်ကြောင့် ပျက်စီးမှု ထပ်မံ မဖြစ်ပေါ်စေရေးအတွက် အမိုးအကာများဖြင့် ဖုံးအုပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ပုဂံ-ညောင်ဦး ဒေသရှိ ပျက်စီးသွားသည့် ရှေးဟောင်း စေတီပုထိုး များကို ပြည်ပ ပညာရှင်များ၏ အကူအညီဖြင့် အချိန်ယူပြီး ရှေးမူမပျက် စနစ်တကျ ပြန်လည် ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံ ပုဂံ-ညောင်ဦးဒေသ ပျက်စီးမှုများ ပြန်လည် ပြုပြင်ရန်အတွက် ရွှေသံလွင် ကုမ္ပဏီက ငွေကျပ်သိန်း (၁၀၀၀)၊ ဇေကမ္ဘာ ကုမ္ပဏီက ငွေကျပ်သိန်း (၁၀၀၀) နှင့် Amazing ဟိုတယ် အုပ်စုက ငွေကျပ်သိန်း (၅၀၀) တို့ကို ပေးအပ်လှူဒါန်းကြသည်။

 

ထို့ပြင် ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ငွေကျပ် သိန်း (၂၀၀၀) နှင့် MRTV-4 မှ ငွေကျပ် သိန်း (၃၀၀) ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပေးအပ်လှူဒါန်းထားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ ပြဿဒ်ကြီး၊ ဓမ္မရံကြီး၊ စေတနာကြီးဘုရား စသည့် စေတီ ဘုရားပုထိုးများသို့ သွားရောက် ဖူးမြော်ပြီး ပျက်စီးခဲ့မှုများကို ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ အား စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။

 

ပုဂံ-ညောင်ဦးဒေသတွင် ငလျင်ဒဏ်သင့်ပြီးချိန်မှ စတင်၍ အပျက်အစီးများအား ဖယ်ရှားခြင်း၊ ကူညီ ကယ်ဆယ်ခြင်း လုပ်ငန်းများကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ဒေသခံများ စုပေါင်းရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး လတ်တလော စာရင်းများအရ ပုဂံ-ညောင်ဦး ဒေသတွင် စေတီပုထိုးပေါင်း ၁၈၇ ဆူခန့် ထိခိုက်ခဲ့ကြောင်း သိရသည်။

 

လတ်တလော အပျက်အစီးများကြောင့် ဘုရားဖူးပြည်သူများ ဝင်ရောက်ဖူးမြော်မှု ခေတ္တပိတ်ထားမည့် စေတီ၊ ဘုရား၊ ပုထိုး (၃၃) ဆူရှိရာ ယင်းတို့မှာ စေတနာကြီး၊ သာယာ၀တေ့၊ ကျောင်းကြီးညီအစ်မ၊ သီရိဂူပြောက်၊ စူဠာမဏိ၊ ပြဿာဒ်ကြီး၊ ဓမ္မရံကြီး၊ ဆင်ဖြူရှင်၊ ရွှေဆံတော်၊ လောက ထိပ်ပန်၊ မြေပုံသာ ဘုရားလှ၊ လောကဥသျှောင်၊ နန်းဘုရား၊ အပါယ်ရတနာ၊ နဂါးရုံ၊ မနူဟာ၊ စိုးမင်းကြီး၊ မြင်းကပါ ဂူပြောက်ကြီး၊ မြစေတီ၊ ရွှေစေတီ၊ ထီးလိုမင်းလို၊ ရွှေလိပ်တူး၊ သိကြားဟစ်၊ သိကြားပုန်း၊ ဥပါလိမ်၊ ဝက်ကြီးအင်းဂူပြောက်ကြီး၊ ဝက်ကြီးအင်းဂူပြောက်ငယ်၊ တရုတ်ပြေး၊ အဇ္ဇဂေါဏ၊ ဘုရားသုံးဆူ၊ နန္ဒပညာ၊ ဝိနည်းဓိုရ်အစု၊ လောကနန္ဒာဘုရားနှင့် တက်သိမ်းဘုန်းကြီးကျောင်းတို့ ဖြစ်ကြောင်း သိရသည်။