နိုင်ငံတကာမှ ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေများကို ခွဲဝေလျာထား အသုံးပြုရာတွင် ဦးစားပေး ကဏ္ဍကြီး ၄ ရပ် သတ်မှတ်ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၂၀

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတကာမှ ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများ ခွဲဝေလျာထားအသုံးပြုရာတွင် ဦးစားပေးကဏ္ဍကြီး ၄ ရပ် ထားရှိရေး သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

 

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အလှူရှင်များက ကူညီထောက်ပံ့လျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ရန်ပုံငွေများနှင့်ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်း မဟုတ်ကြောင်း၊ များပြားလှသော အဖွဲ့အစည်းများအကြား ထောက်ပံ့ကူညီမှု ရရှိနိုင်သည့်အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှုများစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံကိန်းများကို မျှမျှတတနှင့် ထိထိရောက်ရောက် ဖြစ်စေရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာ တွင်လည်း အလှူရှင်ဘက်က ထောက်ပံ့ကူညီလိုသည့် စီမံကိန်းများမဖြစ်စေဘဲ လက်တွေ့ အခြေအနေ ပကတိ လိုအပ်ချက်များကို အခြေခံစဉ်းစားသုံးသပ်ပြီး အလှူရှင်များဘက်က လိုအပ်သည့် အလှူငွေများ ဖြည့်ဆည်း ထောက်ပံ့ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုသော စီမံကိန်းများကို အလေးထားဆောင်ရွက်နိုင်ရေး ဤအဖွဲ့က တာဝန်ယူညှိနှိုင်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ပထမဆုံးအနေဖြင့် လိုအပ်ချက်များအလိုက် ဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်ရေးဖြစ်ကြောင်း၊ ဒုတိယ အချက်အနေဖြင့် လိုအပ်သော ကူညီ ထောက်ပံ့မှုများ ရရှိရေးရှာဖွေရန်ဖြစ်ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် နိုင်ငံတကာ ကူညီထောက်ပံ့မှုသာမက ပြည်တွင်းမှ အလှူရှင်များ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံတကာ ထောက်ပံ့ ကူညီမှုများကို ပွင့်လင်း မြင်သာမှုရှိရှိ၊ အလေအလွင့် အနည်းဆုံးဖြစ်စေရေး၊ မလိုအပ်သော အပို ကုန်ကျမှု၊ အပိုသုံးစွဲမှုများ မရှိစေရေး တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB) တာဝန်နှင့် ဝတ္တရားများနှင့် ဦးစားပေးကဏ္ဍများကို ဆွေးနွေးကြသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေခွဲဝေသုံးစွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ (Ceasefire Sector)၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကဏ္ဍ (Negotiation and Dialogue Sector)၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ(Peace Supporting Development Sector) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကဏ္ဍ (NRPC Sector) စသည်ဖြင့် ဦးစားပေးကဏ္ဍကြီး (၄)ရပ် သတ်မှတ် ဆောင်ရွက်ရန် အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

 

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဘက်မှ ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ရှစ်ဦးဖြင့် ဖွဲ့စည်းရန် သဘော တူညီခဲ့ကြသည်။

 

JCB တွင် ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များသာမက NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များလည်း ပါဝင်သည်။

 

ယနေ့ကျင်းပသော JCB အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ရှီလာနန်တောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ Nationwide Ceasefire Agreement-NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ပဒိုစောကွယ် ထူးဝင်း (KNU အထွေထွေအတွင်းရေးမှူး)၊ ခွန်ဥက္ကာ (PNLO ဦးဆောင် နာယက)၊ စိုင်းလျန်း(RCSS-SSA)၊ ဆလိုင်းထလာဟေး (CNF အထွေထွေအတွင်းရေးမှူး)၊ ဦးမျိုးဝင်း (ABSDF)၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား နိုင်အောင်မငေး (DPN အဖွဲ့ဝင်)၊ ဦးထွန်းဇော် (DPN အဖွဲ့ဝင်)၊ နိုင်ဗညားမွန် (NMSP)၊ ဦးစံလော့ (‘၀’ အထူးဒေသ(၂)၊ ပြည်ပဆက်ဆံရေးဌာနမှူး) နှင့် ဦးခမ်းမောင် (အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ) တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။