ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုလျော့ကျရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၇

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့ကျရေးအတွက် ဆောင်ရွက်နေ မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်မျိုးတို့နှင့် အတူ နံနက် ၆နာရီခွဲတွင် နေပြည်တော်စီလမ်းစုံရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်လမ်းမကြီး တာဝန်ခံက ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက တုန့်ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ထားရှိမှု၊ အမြန်လမ်းမကြီး တစ်လျောက် ယာဉ်မောင်းများအနားယူနိုင်သည့် နားနေဆောင်များ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ထားရှိမှု၊ မမျှော်မှန်းထားသည့် ယာဉ်မတော်တဆမှုများ လျှော့ချနိုင်ရန် အမြန်လမ်းမကြီးအား တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးက ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ခြင်း၊ မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ပြစ်မှုများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှု၊ အရေးပေါ် အခြေအနေများတွင် ဝန်ဆောင်မှုပေးနေမှု စသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးက ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေထူထောင် ရေးဆိုင်ရာများ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မော်တော်ယာဉ်များစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတက မော်တော်ယာဉ်မတော်တဆမှုများ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းသည် အရှိန်လွန်မောင်းနှင်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယခုအခါ အရှိန်လွန် မောင်းနှင်ခြင်းကို ထိန်းချုပ်လိုက်သည့်အတွက် ယာဉ်မတော်တဆဖြစ်ပွားမှုများ သိသိသာသာ ကျဆင်းသွားသည်ကိုတွေ့ရပါကြောင်း၊ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ်များတိုးချဲ့စိုက်ထူရန် လိုအပ်ပါကြောင်း။

ယခုအခါ Pilot Project ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ လမ်းပိုင်းများအား တိုးချဲ့ရာတွင် ခရီးသွား ပြည်သူများ နားခိုနိုင်ရန်နှင့် စိတ်ကြည်နူးစေရန်အတွက် ယခင်လမ်း လယ်ကျွန်းတွင် စိုက်ပျိုး ထားသည့်သစ်ပင်များကို အမြန်လမ်းမကြီးတစ်လျောက် လမ်းဘေးဝဲယာတွင် စနစ်တကျ ပြောင်းရွှေ့စိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် နေပြည်တော်စီလမ်းဆုံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်စီးဆင်းမှုထိန်းချုပ်ရေးစင်တာသို့ သွားရောက်ပြီး တယ်လီ မက်တစ်စနစ်အသုံးပြု၍ မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်မတော် တဆမှုများမဖြစ်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုလိုက်နာရန် စောင့်ကြည့် ဆက်သွယ်သတိပေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် မိုင်တိုင်အမှတ် ၁၆၃မိုင် ၁ ဖာလုံနှင့် မိုင်တိုင် အမှတ် ၁၇၃ မိုင် ၁ဖာလုံအကြား စက်ယန္တရားများအသုံးပြု၍ ကတ္တရာကွန်ကရစ်ခင်းနေမှု အခြေအနေနှင့် လုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများအား ကြိုတင်ကာကွယ် ရန်အတွက် National Road Safety Council (NRSC) အနေဖြင့် စနစ်တကျကြီးကြပ် ဆောင်ရွက်လျက် ရှိသည့်အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီး မော်တော်ယာဉ်များအားလုံးကို စနစ်တကျထိန်းချုပ် ကြီးကြပ်နိုင်ရေး၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ တိုးတက်ပြောင်းလဲ ဆောင်ရွက်နိုင်ရေးနှင့် တရားမဝင်(မှတ်ပုံတင်မဲ့) မော်တော်ယာဉ်များအား စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရေးတို့အတွက် RFID (Radio Frequency Identification) system ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။