ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုလျော့ကျရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၇

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပေါ်၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့ကျရေးအတွက် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

ဒုတိယသမ္မတသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်မျိုးတို့နှင့်အတူ နံနက် ၆ နာရီခွဲတွင် နေပြည်တော် စီလမ်းဆုံရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြန်လမ်းမကြီး တာဝန်ခံက ယာဉ်မတော်တဆ မှုများဖြစ်ပွားပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မောင်းများ အနားယူ နိုင်သည့် နားနေဆောင်များ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ထားရှိမှု၊ မမျှော်မှန်းထားသည့် ယာဉ်မတော် တဆမှုများ လျှော့ချနိုင်ရန် အမြန်လမ်းမကြီးအား တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးက ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေး ကြိုတင် ကာကွယ်ခြင်း၊ မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ပြစ်မှုများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှု၊ အရေးပေါ်အခြေအနေများတွင် ဝန်ဆောင်မှုပေးနေမှု စသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးက ယာဉ်အန္တရာယ် နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေ ထူထောင်ရေးဆိုင်ရာများ၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မော်တော် ယာဉ်များစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတက မော်တော်ယာဉ်မတော်တဆမှုများ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း သည် အရှိန်လွန် မောင်းနှင်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ယခုအခါ အရှိန်လွန် မောင်းနှင်ခြင်းကို ထိန်းချုပ် လိုက်သည့်အတွက် ယာဉ်မတော်တဆဖြစ်ပွားမှုများ သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရ ပါကြောင်း၊ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ်သတိပေးဆိုင်းဘုတ်များ တိုးချဲ့ စိုက်ထူရန် လိုအပ်ပါကြောင်း။

 

ယခုအခါ Pilot Project ဖြင့် အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ လမ်းပိုင်းများအား တိုးချဲ့ရာတွင် ခရီးသွားပြည်သူများ နားခိုနိုင်ရန်နှင့် စိတ်ကြည်နူးစေရန်အတွက် ယခင်လမ်းလယ်ကျွန်းတွင် စိုက်ပျိုးထားသည့် သစ်ပင် များကို အမြန် လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ၊ ယာတွင် စနစ်တကျ ပြောင်းရွှေ့စိုက်ပျိုး သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတသည် နေပြည်တော်စီလမ်းဆုံရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ် စီးဆင်းမှု ထိန်းချုပ်ရေးစင်တာသို့ သွားရောက်ပြီး တယ်လီမက်တစ်စနစ်အသုံးပြု၍ မော်တော်ယာဉ် များ ယာဉ်အန္တရာယ်ကင်း ရှင်းစေရန်နှင့် ယာဉ်မတော်တဆမှုများမဖြစ်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းကိုလိုက်နာရန် စောင့်ကြည့်ဆက်သွယ်သတိပေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် မိုင်တိုင်အမှတ် ၁၆၃ မိုင် ၁ ဖာလုံနှင့် မိုင်တိုင် အမှတ် ၁၇၃ မိုင် ၁ ဖာလုံအကြား စက်ယန္တရားများအသုံးပြု၍ ကတ္တရာကွန်ကရစ်ခင်းနေမှုအခြေအနေနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေ များကို ကြည့်ရှုပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားသည်။

 

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများအား ကြိုတင်ကာကွယ်ရန်အတွက် National Road Safety Council (NRSC) အနေဖြင့် စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီး မော်တော်ယာဉ် များအားလုံးကို စနစ်တကျထိန်းချုပ်ကြီးကြပ်နိုင်ရေး၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီ တိုးတက်ပြောင်းလဲဆောင်ရွက်နိုင်ရေးနှင့် တရားမဝင် (မှတ်ပုံတင်မဲ့) မော်တော်ယာဉ်များအား စစ်ဆေး ဖော်ထုတ် အရေးယူနိုင်ရေးတို့ အတွက် RFID (Radio Frequency Identification) system ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။