ဒုတိယသမ္မတ ဦးမြင့်ဆွေ တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ် စသည့် ဒေသ တစ်ဝန်းမှ ပညာသင်ကြား လိုသူများအတွက် အခွင့်အလမ်း ပွင့်လန်းစေမည့် တောင်ကုတ် ဒီဂရီကောလိပ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေး သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာနှင့် ကျောင်းအုပ်ကြီး ဒေါက်တာဝင်းနိုင်တို့က ဒီဂရီ ကောလိပ် မုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက တောင်ကုတ် ဒီဂရီကောလိပ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် နှစ်သစ်ကူးပြောင်းစကာလတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး တောင်ကုတ်ကောလိပ်အား ဒီဂရီကောလိပ်အဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခင်က ရခိုင်ပြည်နယ် ၌ စစ်တွေ တက္ကသိုလ်တစ်ခုတည်းကိုသာ အားထားရပ်တည်ခဲ့ရပါကြောင်း၊ တောင်တန်းများ အထပ်ထပ် ကာရံထားသည့်ဒေသ၊ မြစ်ချောင်း အင်းအိုင် အဆီးအတားများလွန်းသည့်ဒေသတွင် ဒေသခံများ အနေဖြင့် ပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သော စစ်တွေ တက္ကသိုလ်၌ ပညာ သင်ကြားနိုင်ရေးအတွက် ခက်ခဲ ပင်ပန်းခဲ့ကြရပါကြောင်း၊ ငွေကြေးအခက်အခဲ၊ ခရီးလမ်းပန်း အခက်အခဲများသည် ပညာရှာလိုသူများကို အဟန့်အတားဖြစ်စေခဲ့ပါကြောင်း။

 

အဆိုပါ အဆင်မပြေမှုများ ပြေလည်စေရန်အတွက် တာဝန် ရှိသူများနှင့် မြို့မိမြို့ဖများ၏ အားထုတ် ကြိုးပမ်းမှုကြောင့် ၂ဝ၁၂ ခုနှစ်တွင် တောင်ကုတ်ကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ တောင်ကုတ် ဒေသကို အခြေခံ၍ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သာမက ပြည်နယ်တစ်ခုလုံးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံး ရှေ့ရောက်ရန်မိမိတို့အနေဖြင့် ပညာအုတ်မြစ် ခိုင်ခိုင်ချနိုင်ရန် လိုအပ် ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် စတင်ခဲ့သော တောင်ကုတ်ကောလိပ်သည် ယခု ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ချိန်တွင် နေ့သင်တန်းကျောင်းသား ၁၆ဝဝ ကျော်၊ အဝေးသင်ကျောင်းသား ၅ဝဝဝ နီးပါး ပညာ ရှာမှီး ဆည်းပူး နိုင်သည်မှာ ကျက်သရေမင်္ဂလာ ရှိလှပါကြောင်း၊ ကျောင်းသား ကျောင်းသူ ၆ဝဝဝ ကျော်၊ ၇ဝဝဝ နီးပါး ဝေးလံခေါင်ဖျား ငွေကုန်ကြေးကျများစွာဖြင့် ခက်ခက်ခဲခဲ မသွားရဘဲ ပညာသင်ကြားနိုင်သည့် အတွက် ၎င်းတို့၏ မိဘများနှင့် အားလုံးအတွက် ကျေနပ်ပီတိဖြစ်ရပါကြောင်း၊ တောင်ကုတ် ဒီဂရီကောလိပ်၌ ဘာသာရပ်ဌာနကြီး ရှစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ဂုဏ်ထူးတန်း များအထိ သင်ကြားပေးနိုင်ပြီ ဖြစ်ပါကြောင်း။

 

ယခု ၂ဝ၁၇ ခုနှစ်၌ ငါးနှစ်သားဝန်းကျင် သာရှိသေးသည့် ကျောင်းဖြစ်သည့်အတွက် အခက်အခဲ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ် တစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည် ဖွံ့ဖြိုး တိုးတက်လာရန် ပြည်သူလူထု၊ မိဘ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များက ညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အပေါ် တည်မှီနေပါကြောင်း၊ ပညာရေးကဏ္ဍကို အဓိကဖော်ဆောင်နေသူများသည် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ ဖြစ်ပါကြောင်း။

 

ထို့ကြောင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော် ၏ ပြောင်းလဲနေသော ပညာရေး ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်း အားထုတ်သွားကြရန် အထူးလိုအပ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာ၌ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆရာနှင့် ကျောင်းသားများ အတန်းမှန်ရန်၊ သင်ကြားရာတွင်လည်း ဆရာ ဆရာမများက လက်တွေ့ ကျကျသင်ကြားပို့ချပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် လက်တွေ့ဘဝတွင် အသုံးချနိုင်ရန်၊ မိမိ တတ်မြောက်ထားသော ပညာရပ်နှင့် မိမိဒေသ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နိုင်ရန် တောင်ကုတ်ဒီဂရီကောလိပ် အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဒေသအကျိုး ပြုမည့် ဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရန် အားထုတ် လုပ်ဆောင်သွားပါဟု မှာကြား လိုပါကြောင်း။

 

ဆရာ ဆရာမများကို အထူးမှာကြား လိုသည်မှာ ပညာသင်ကြားရာတွင် အုပ်စု လိုက် ပရောဂျက်၊ အခြေခံ သုတေသနနှင့်ဆိုင် သောကိစ္စများကိုပါ သင်ပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ များကို စာပေ ပညာ သင်ပေးရုံသာမက ကိုယ်၊ နှုတ်၊ နှလုံး လိမ္မာ ယဉ်ကျေးအောင်၊ ကာယ ဥာဏ ဖွံ့ဖြိုးတိုးတက် အောင် ဆုံးမပဲ့ပြင်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း စံနမူနာပြု အတုယူ လေးစားထိုက်သူ၊ တောင်ကုတ်ဒီဂရီကောလိပ်၏ ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကျင့်ကြံ နေထိုင် သွားကြရန် မှာကြား လိုပါကြောင်း။

 

ယခုဖွင့်လှစ်လိုက်သော တောင်ကုတ် ဒီဂရီကောလိပ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံတော် အနေဖြင့် လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ မွေးထုတ်ပေးကြပါဟု ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က အမှာစကား ပြောကြားပြီး မြို့မိမြို့ဖ ဦးကျောက်တောင်နှင့် တောင်ကုတ် ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ဝင်းနိုင်တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာချမ်းသာ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးဘရွှေ၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့ထံ ကျောင်း အုပ်ကြီးက ဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များ ကို ပေးအပ်သည်။

 

ဖွင့်ပွဲအပြီးတွင် ဒုတိယသမ္မတနှင့်အဖွဲ့ ဝင်များသည် တောင်ကုတ်ဒီဂရီကောလိပ် အတွင်းရှိ ဘာသာ စကား လက်တွေ့ လေ့ကျင့် ခန်းမ၊ ကွန်ပျူတာလက်တွေ့လေ့ကျင့်ခန်းမ၊ စာသင်ခန်းများ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ၏အဆောင်များ တည် ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

တောင်ကုတ်ဒီဂရီကောလိပ်သည် ရန်ကုန် - ကျောက်ဖြူ လမ်းမကြီးအနီး မြေဧက ၂၁၂ ဒသမ ၂ဝ ဧက ပေါ်တွင် တည်ရှိပြီး ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကုတ်ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက် တွင် ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များ သည် တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ပြန်လည် ရောက်ရှိကြပြီး ထိုမှတစ်ဆင့် ဆက်လက် ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။