(၆၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ဝ ရက်

ချစ်ကြည်လေးစားအပ်ပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ဇန်နဝါရီလ (၁ဝ) ရက်နေ့မှာ ကျရောက်တဲ့ (၆၉) နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်တဲ့ ဒီနေ့ထူး နေ့မြတ် အခါသမယမှာ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်ထောင်စုသား အားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပြီး နှုတ်ခွန်းဆက်သ အပ်ပါတယ်။

 

လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁ဝ)ရက်နေ့မှာ ကချင်ပြည်နယ်ကောင်စီညီလာခံရဲ့ ပထမဆုံး အစည်းအဝေးကျင်းပခဲ့ပြီး ကချင်ပြည်နယ်ကောင်စီ အစည်းအဝေးက ကချင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီလ (၁ဝ)ရက်နေ့ကို ''ကချင်ပြည်နယ်နေ့''အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့တာ ဒီနေ့မှာဆိုရင် (၆၉)နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

 

ကချင်ပြည်နယ်မှာ ခရိုင် (၄)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ်၊ မြို့ (၃ဝ) မြို့ပါဝင်ပြီးတော့ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး စတဲ့ ကချင်မျိုးနွယ်စုများ၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီး စတဲ့ ရှမ်းမျိုးနွယ်စုနဲ့ ဗမာတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြား တိုင်းရင်းသား မျိုးနွယ်စု အပါအဝင် လူဦးရေစုစုပေါင်း (၁၆) သိန်းကျော်သော တိုင်းရင်းသား လူမျိုးများအတူတကွ ချစ်ကြည် ရင်းနှီးစွာ စုပေါင်းနေထိုင်ကြတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

ကချင်ပြည်နယ်ဟာ ရွှေ၊ ကျောက်စိမ်းစတဲ့ အဖိုးတန်သယံဇာတတွေ ပေါများကြွယ်ဝသလို အရှေ့တောင် အာရှ ဒေသရဲ့ တစ်ခုတည်းသော နှင်းဖုံးတောင်တန်းတွေရှိပြီး အလွန်သာယာလှပတဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ ဧရာဝတီမြစ်ကြီး စတင်မြစ်ဖျားခံရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

ဒီလိုသာယာလှပပြီး သယံဇာတတွေ ပေါများကြွယ်ဝတဲ့ ကချင်ပြည်နယ်ဟာ လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် သဘာဝအလှအပတွေကိုလည်း မခံစားနိုင်၊ သယံဇာတတွေကိုလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ထိထိရောက်ရောက် မသုံးနိုင်ဘဲ ဖြစ်နေရပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာမှာလည်း နယ်မြေ တည်ငြိမ်အေးချမ်းမှသာ ဒေသအသီးသီး၊ ကဏ္ဍအသီးသီး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာမှာလည်း ဖြစ်ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူ အပေါင်း တို့ဟာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခဲ့ကြပြီးဖြစ်သလို ယခုအခါမှာလည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တ လျက်ရှိကြပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန်မှာလည်း ပြည်သူတစ်ရပ်လုံးရဲ့ ကြီးမားတဲ့ဆန္ဒဖြစ်ပါတယ်။

 

ဒီနေ့အချိန်အခါဟာ အတိတ်သမိုင်းက မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်ရင်းနှမများအကြား အကြောင်း အမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီးတော့ ရေရှည် တည်တံ့မယ့်၊ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက စိတ်ရင်းမှန်နဲ့ ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီအချိန်အခါမျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး စစ်မှန်ပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ စိတ်ရင်းစေတနာအမှန်နဲ့ ကြိုးစားကြမှသာ ပဋိပက္ခနွံကနေ ရုန်းထွက် နိုင်မှာဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းသာယာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့ထိ နေပြည်တော်မှာ စတင် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ညီလာခံရဲ့ အန္တိမရည်မှန်းချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကတစ်ဆင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ ရည်ရွယ်ထားရှိပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့နဲ့ တိုင်းရင်းသားများရဲ့ အခြေခံ အခွင့်အရေး၊ တန်းတူညီမျှရေးတို့အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ပဲဖြစ်ပါတယ်။

 

ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိစေရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး အောင်မြင် စေဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစိုးရနဲ့အတူ လက်တွဲပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပေးကြဖို့ လိုအပ်လျက်ရှိပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ဒီကနေ့ ဒီအချိန် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအောင်မြင်အောင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ခိုင်မာတဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်တို့နဲ့ သွေးစည်း ညီညွတ်စွာ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါတယ်။ ကချင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယမှာ ကချင်ပြည်နယ်သူ ပြည်နယ်သား အပေါင်း ငြိမ်းချမ်းသာယာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာ ပေးပို့ အပ်ပါတယ်။

(ပုံ)ထင်ကျော်                                   

နိုင်ငံတော်သမ္မတ