၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၁၂

 

၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုနှစ် ၂၀၁၇ ခုနှစ် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုစိတ်ဓာတ်နိုးကြားရှင်သန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင်တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးစသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ ယင်းဦးတည်ချက်များ အောင်မြင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အတွက် ပြည်ထောင်စုနေ့သည် အလွန် အရေးပါသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း။

 

တစ်နိုင်ငံလုံးအတွက် အလွန်အရေးကြီးသည့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိရေးကို ယနေ့အချိန်အခါတွင် အစွမ်းကုန်တည်ဆောက်နေပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုနေ့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအမြန် ဆုံးရရှိအောင် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု (ပင်လုံ)အား အထောက်ကူပြုသည့် အနေအထားဖြင့် ကျင်းပ သွားမည်ဖြစ်ပါကြောင်း။

 

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိစွာ ငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ဆောင်သည့်အနေဖြင့် အမျိုးသားရေးဦးတည်ချက် ၄ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် အခမ်းအနားကျင်းပရာတွင်လည်း လုံခြုံရေးအမြင်၊ လုံခြုံရေးအသိ၊ သတိများ လျှော့ချခြင်းမပြုဘဲ အထူးကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ပြီး ယဉ်ကျေးချိုသာစွာ ပြောဆို ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့်အညီ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သဝဏ်လွှာပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ အလံတင်အခမ်းအနားစီစဉ်ရေး၊ မြေစိုက် ပိုစတာများ စိုက်ထူရေး၊ ညစာစားပွဲဖျော်ဖြေရေး၊ ကျန်းမာရေး၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေး၊ စာရင်းစစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများအား ပြန်လည်သုံးသပ်ပြောကြားရာတွင် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးအတွက် ဆပ်ကော်မတီ ၁၄ ခုဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ကို ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကို ဗဟိုကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ နှင့် ဆပ်ကော်မတီ ၁၄ ခုတို့ ပေါင်းစည်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို စေ့စပ်သေချာစွာ ဆောင်ရွက် ထားရန်လိုကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကို အမြဲတမ်းစစ်ဆေးပြီး စနစ်တကျ သပ်သပ်ရပ်ရပ် ပြီးစီး အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

 

အစည်းအဝေးသို့ ၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးနိုင်သက်လွင်၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ဆပ်ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။