နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၃

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီယားနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်မှ မြန်မာအမျိုးသား လေကြောင်း လိုင်းဖြင့် ထွက်ခွာသွားသည်။

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဌနှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.So BUNNAနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားသည်။