နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်ရာမှ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email

နေပြည်တော်   ဖေဖော်ဝါရီ ၆

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘုရင့်နန်းတော်ရေးရာ ဝန်ကြီးနှင့်အတူ ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဆီရမ်ရိ(ပ်)မြို့အတွင်းရှိ ကျေးလက်ဒေသ လူနေမှုဘဝများနှင့် ခမာအတတ်ပညာ၏ ရတနာတစ်ပါးဖြစ်သည့် ဘန္တေဆရီကျောင်းတော်ကြီးကို  သွားရောက်ကြည့်ရှု လေ့လာသည်။

 

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နံနက်ပိုင်းတွင် ဆီရမ်ရိ(ပ်)မြို့နယ် ကျေးလက်ဒေသရှိ ကျေးလက် လူနေမှု ဘဝပုံစံများ၊ ၎င်းတို့၏ ရိုးရာလက်မှုပညာထုတ်ကုန်များနှင့် မိရိုးဖလာလုပ်ငန်းထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

 

ထို့ပြင် ခမာရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများအနက် ကျောက်ဆစ်ပညာ ဖြင့် တန်ဆာဆင်မှု ရာနှုန်း အများဆုံးအဖြစ် စံတင်ထားသည့် ဘန္တေဆရီကျောင်းတော်ကြီးကို သွားရောက်ကြည့်ရှု လေ့လာသည်။

 

ဘန္တေဆရီကျောင်းတော်ကို ၁၉၁၄ ခုနှစ်က ပြင်သစ်အရှေ့အလယ်ပိုင်းဘာသာ လေ့လာရေးသိပ္ပံမှ သုတေသနပြုပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်အတွက် အန်ကောဒေသတွင် ပထမဦးဆုံး ထိန်းသိမ်း စောင့်ရှောက်နိုင်ခဲ့သည့် အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ဘန္တေဆရီကျောင်းတော်ကို ဒုတိယမြောက် သူရိယာဝါမန်မင်းအုပ်စိုးစဉ် အေဒီ ၉၄၄-၉၆၈ အတွင်း အပြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဘန္တေဆရီကျောင်းတော်သည် ခမာရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ အနက် ကျောက်ဆစ်ပညာဖြင့် တန်ဆာဆင်မှု ရာနှုန်းအများဆုံးအဖြစ် စံတင်ထားသည်။  ထို့ကြောင့် ခမာမြို့ဟောင်း အန်ကောသုန် ဝန်းကျင်ရှိ ရှေးဟောင်း အဆောက်အအုံ များကိုကျော်လွန်၍ အတန်အလှမ်း ကွာဝေးသောဘန္တေဆရီသို့ သုတေသီနှင့် ကမ္ဘာ့လှည့်ခရီးသည်များ မဖြစ်မနေသွားရောက် လေ့လာရသော နေရာအဖြစ် ဝင့်ထည်လျက်ရှိသည်။

 

ထို့ပြင် ဘန္တေဆရီကျောင်းတော်ကို “ခမာအမျိုးသမီးတို့၏ ရဲတိုက်” ဟု တင်စားခြင်းခံရသည့်အပြင် ၎င်း၏ ဗိသုကာလက်ရာနှင့် အနုပညာလက်ရာများသည် ပြိုင်ဘက်ကင်း၍ ထူးခြားသောဝိသေသကို ပိုင်ဆိုင်ထားသည့်အတွက် “ခမာအတတ်ပညာ၏ ရတနာတစ်ပါး” ဟုလည်း တင်စားကြသည်။

 

ယင်းအဆောက်အဦကို အတွင်းအုတ်တံတိုင်း အပါအဝင် တံတိုင်း ၃ ထပ်ဖြင့်  ဝန်းရံထားပြီး ကျုံးဖြင့် ကာရံထားသည်။ မုခ်ဦး ၅ ခုပါဝင်ပြီး အတွင်းမုခ်ဦး၊ အလယ်မုခ်ဦး၊ မဟာရံတံတိုင်း ၃ ခုအတွက် မုခ်ဦး ၃ ခု၊ စုစုပေါင်း မုခ်ဦး ၅ ခုရှိသည်။  ဒုတိယနှင့် တတိယ မဟာရံတံတိုင်းအတွင်း ပိဋကတ် တိုက်အပါအဝင် သျှီ၀နှင့် ဗိဿနိုး နတ်မင်းကြီးများဆိုင်ရာ ဟိန္ဒူအယူဝါဒအတွက် ရည်ရွယ် တည်ဆောက်ထားသည့် အဆောက်အအုံများဖြင့် ဖွဲ့စည်းထားပြီး ထိုအဆောက်အအုံများကို ဒူးတစ်ဘက်ထောင်လျက်ရှိသော လူကိုယ်နှင့် တိရစ္ဆာန် ဦးခေါင်းပုံ စိတ်ကူးယဉ်သတ္တဝါများက စောင့်ရှောက်နေဟန် ထုလုပ်ထားသည်။ နံရံများရှိ ဂျီဩမေထရီဒီဇိုင်ပုံကျောက်က နုတ်ပန်းများ၊ မုခ်ဆောင်များ၏  မကာန်းခံ တွင်းတွင် ခြင်္သေ့နင်းနေ ဟန်ပုံများ၊ ရာမယဏဆိုင်ရာ ရုပ်လုံးများနှင့် ဒဿဂီရိက ကေလာသတောင်ကို လှုပ်ခါနေပုံများကို တွေ့ရသည်။

 

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဆီရမ်ရိ(ပ်)မြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ထွက်ခွာရာ နေပြည်တော်သို့  မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည်ရောက်ရှိပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။