နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော် မတ် ၃

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကားပြော ကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ ဗဟိုကော်မတီဝင်များဖြစ်ကြ သည့် အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့အစည်းအဝေးသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် ပင်လယ်ကမ်းရိုးတန်း ဒေသသယံဇာတများ ကို ရေရှည်တည်တံ့ရန်နှင့် အကျိုးအရှိဆုံး အသုံးချနိုင်ရန် စီမံအုပ်ချုပ် လုပ်ကိုင်ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပေါင်းစပ်ညှိ နှိုင်းနိုင်ရန်နှင့် မူဝါဒများ ချမှတ်ရန် ဖွဲ့စည်းထားသည့် ဗဟိုကော်မတီ၏ တာဝန်များကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖေါ် နိုင်ရန်အတွက် ပထမဆုံးခေါ်ယူ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း၊ အဓိက အရေးပါသည့် သယံဇာတများက ရေနှင့်မြေ၊ သစ်တောများ၊ ပင်လယ်ကမ်းရိုးတန်းသယံဇာတ များ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားတစ်ဦးချင်းစီ၏ ရေအရင်းအမြစ်ပမာဏ (Renewable Fresh Water Resources Per Capita)သည် အမေရိကန်ပြည်ထောင်စုထက် ၂ဆ၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံထက် ၁၅ဆနှင့် အိန္ဒိယနိုင်ငံထက် ၁ဝဆရှိပါကြောင်း၊  မြေသယံဇာတအနေ နှင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၅ နိုင်ငံမြောက် စိုက်ပျိုးမြေ ဧရိယာအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ သစ်တောသယံဇာတအနေနှင့် နိုင်ငံဧရိယာစုစုပေါင်း၏ ၄၃ ရာခိုင်နှုန်း သည် ယခုအချိန်အထိ သစ်တောများ ဖုံးလွှမ်းနေပါကြောင်း။

 

ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေချိန်တွင် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတစ်ရပ် ဖော်ဆောင်နိုင်မည့် အခြေခံများကိုတည်ဆောက် နေပါကြောင်း၊ မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတများကို အခြေခံပြီး ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံရန်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုဒဏ်ကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ရန်နှင့် သဘာဝဂေဟစနစ်များ တည်တံ့ခိုင်မြဲရန်တို့ကို ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

 

မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသသည် ကီလိုမီတာ (၂၈၃၂)  ခန့် ရှည်လျားပြီး အိန္ဒိယ သမုဒ္ဒရာ အဝန်းအဝိုင်းတွင် အရေးပါသည့် သဘာဝဂေဟစနစ်များ တည်ရှိရာဒေသဖြစ်ပါ ကြောင်း၊ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသတွင် ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်း ဂေဟစနစ်၊ ပင်လယ်မြက်ခင်းဂေဟ စနစ်များကိုတွေ့ရှိရပြီး အဆိုပါဂေဟစနစ်များက ကမ်းရိုး တန်းဒေသနေပြည်သူများနှင့် နိုင်ငံအတွက် ရေထွက်ကုန်ပစ္စည်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန် ဆောင်မှုအမျိုးမျိုးကို ပေးအပ်နေပါကြောင်း၊ ကမ်းရိုးတန်းဂေဟစနစ်များသည် ငါးပုဇွန်များ အပါအဝင် ရေနေသတ္တဝါအမျိုးမျိုးရှင်သန် ကျက်စား နေထိုင်ရာဒေသများ ဖြစ်ရုံသာမက လေပြင်းမုန်တိုင်းများနှင့် ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မ ှလျော့နည်းစေရန် ကာကွယ်ပေးပါကြောင်း၊ မြေပေါ်နှင့် မြေအောက်ရေချိုအရင်းအမြစ်များအတွင်းသို့ ရေငန်ဝင်ရောက်ခြင်းနှင့် ကမ်းခြေဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ချောင်းကမ်းပါးများ ရေတိုက်စား ပြီး မြေပြိုခြင်း အန္တရာယ်ကလည်း ကာကွယ်ပေးပါကြောင်း။

 

ထို့ကြောင့် ပင်လယ်နှင့်ကမ်းရိုးတန်းဒေသများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်နိုင် ခြင်းသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွာရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်သဘာဝဘေးအန္တရာယ် များမှ ကာကွယ်ရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်း။

 

ဒီရေတောဂေဟစနစ်သည် ပင်လယ်ပြင်နေသက်ရှိများနှင့် ပတ်ဝန်းကျင်အတွက်အလွန် အရေးပါသည့် အခန်းကဏ္ဍတွင် ရပ်တည်နေပါကြောင်း၊ ဒီရေတောများ ပျက်စီးဆုံးရှုံးပါက ကမ်းနီး ကမ်းဝေးငါးဖမ်း လုပ်ငန်း ၂ မျိုးလုံးကို များစွာထိခိုက်ပြီး ဆက်စပ်နေသည့် ပတ်ဝန်း ကျင်နှင့်  ဂေဟစနစ်များကိုလည်း ပျက်စီးစေမည်ဖြစ်ပါကြောင်း။

 

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသ သယံဇာတအရင်းအမြစ်များ သည် အကြောင်း အမျိုးမျိုးကြောင့် လျှင်မြန်စွာယိုယွင်းပျက်စီးလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူဦးရေတိုးပွား လာခြင်းနှင့်အတူ ရေတိုအကျိုးစီးပွားအတွက် သယံဇာတများ မဆင်မခြင်ထုတ်ယူအသုံးပြုခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များမှရရှိသည့် လူမှုစီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးများကို သိရှိ နားလည်မှုအားနည်းခြင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသ သယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် ဆိုင်သည့် မူဝါဒများချမှတ်မှုအားနည်းခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း လုပ်ငန်းများတွင် အစိုးရဌာနများ အချင်းချင်းပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်မှုအားနည်းခြင်း၊ ပြဌာန်းထား သည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုး သက်ရောက်မှုအားနည်းခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်ခြင်းတို့သည် ကမ်းရိုးတန်းဒေသသယံဇာတများ ပြုန်းတီးပျက်စီးခြင်း၏ အကြောင်းရင်းများဖြစ်ပါကြောင်း၊ ထိုသို့သောပြုန်းတီးပျက်စီးမှုများသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသာမက နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေပါကြောင်း။

 

ပင်လယ်ကမ်းရိုးတန်းဒေသရှိ သယံဇာတများ ပျက်စီးပြုန်းတီးမှုနှင့်ဆိုင်သည့် လွန်ခဲ့ သော ဆယ်စုနှစ်များ အတွင်း ငါးပုဇွန်များပေါက်ပွား ရှင်သန်ကျက်စားရာဖြစ်သည့် ဒီရေတော များ၊ သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်ခင်းများ  များစွာပျက်စီးသွားခဲ့သည်ကို လေ့လာ ဆန်းစစ်ချက်များအရ သိရှိရပါကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မူလရှိခဲ့သည့် ဒီရေတောဧရိယာထက် များစွာလျော့နည်းကျဆင်းသွား ခဲ့ပြီး မူလက အရှေ့တောင်အာရှဒေသတွင် အကောင်းဆုံး အနေအထားတွင်ရှိသည်ဟု ယူဆခဲ့ကြသည့် မြိတ်ကျွန်းစုဒေသရှိ သန္တာကျောက်တန်းများသည်လည်း သိသာထင်ရှားစွာပျက်စီးလာနေသည်ကို အစီရင်ခံစာများအရ သိရှိရပါကြောင်း။

 

လက်ရှိကမ်းရိုးတန်းဒေသ သယံဇာတများ ယိုယွင်းပျက်စီးမှုကို ပိုမိုဆိုးရွားလာ        စေနိုင်သည့်ပြဿနာ သည် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာခြင်းနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်းပင်ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့်အတွက် ကမ်းရိုးတန်းဒေသများ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မြေနိမ့်ဧရိယာများတွင်ရှိသည့် လူနေအိမ်ခြေနှင့် စိုက်ပျိုးမြေ ဧရိယာများကို ထိခိုက်လာမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်းဒေသမုန်တိုင်းများ ပိုမိုဝင်ရောက်နိုင်ကာ ရှည်လျားသည့်   မြန်မာ့ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အခြေခံအဆောက်အဦများ ဆုံးရှုံးမှုပိုမို များပြားလာနိုင်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် တိုင်းဒေသကြီး ၄ ခုနှင့် ပြည်နယ် ၂ ခုတို့ တည်ရှိပြီး လူဦးရေသန်းပေါင်း ၂၀ ကျော် မှီတင်းနေထိုင်ကြသည့်အတွက် ရာသီဥတုပြောင်းလဲ မှုပြဿနာကို အလေးထားကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်း လဲမှုပြဿနာကို ကြိုတင်ကာကွယ်ရာတွင် ဒေသနှင့် လိုက်လျောညီထွေရှိသည့် အခြေခံအ ဆောက်အဦများ တည်ဆောက်ရန် လိုအပ်လာမည်ဖြစ်သကဲ့သို့ သဘာဝအခြေခံ အဆောက်အဦ (Natural Infrastructure) များဖြစ်သည့် ဒီရေတောများ၊ ကမ်းရိုးတန်းဒေသ သစ်တောများနှင့် သန္တာကျောက်တန်းများ ပျက်စီးမှု မရှိအောင် ထိန်းသိမ်းကာကွယ်ရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရန်အတွက် ဘက်စုံ စီမံအုပ်ချုပ်လုပ်ကိုင်မှု နည်းလမ်းအသုံးပြုရန် ကနဦးအစီအစဉ်များရှိပြီးဖြစ်ပါကြောင်း၊ ကနဦး လုပ်ငန်းစဉ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊(Myanmar Agenda 21)တွင် နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသနှင့် သယံဇာတများကို ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်နေသည့် ပေါင်းစပ်ညှိ နှိုင်းမှုယန္တရားတစ်ရပ် တစ်နည်း အားဖြင့် အဆင့်မြင့်မူဝါဒနှင့် လုပ်ငန်းစဉ်ချမှတ်ရေးအဖွဲ့တစ်ဖွဲ့ကို အမျိုးသားအဆင့်တွင် ဖွဲ့စည်းသွားရန် လိုအပ်ကြောင်း။

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ တာဝန်နှင့် ဝတ္တရားများတွင်လည်း ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင် ရာမဟာဗျူဟာ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းရန်နှင့် အကောင်အထည် ဖေါ်ရန်ဆိုသည့် အချက်ပါဝင် ပါကြောင်း၊ ဒီအဖွဲ့၏ တာဝန်ဝတ္တရားများကို ပီပြင်အောင် အကောင်အထည်ဖေါ်နိုင်ရန် မိမိတို့နိုင်ငံအတွင်း ရှိသည့် လူ့စွမ်းအားအရင်းအမြစ်နှင့် ရန်ပုံငွေ တို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ရန်ပုံငွေ အကူအညီဖြင့် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ဒီရေတောပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသသည်။

 

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က “ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီဖွဲ့စည်း ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ” ကိုလည်းကောင်း၊ သယံဇာတာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘိုနီက “ပင်လယ်ကမ်းရိုးတန်းဒေသရှိ သစ်တောနှင့် ဒီရေတောဂေဟစနစ်များ၏ လက်ရှိ အခြေအနေ နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ” ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က “ကမ်းနီး၊ ကမ်းဝေးရေ ထွက်ပစ္စည်း သယံဇာတများထိန်းသိမ်းရေးနှင့် ထုတ်လုပ်မှု အခြေအနေ” ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “ပင်လယ်ကမ်းရိုးတန်းဒေသ စိုက်ပျိးမြေများ၏ လက်ရှိ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ”ကို လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က “ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝဓါတ်ငွေ့နှင့် ရေနံ ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ဘေးထွက်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ”ကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က “ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအပါအဝင်  ခရီးသွားလာရေးလုပ်ငန်း၏ လက်ရှိအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက် ရန် အလားအလာများ”ကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ  ဝန်ကြီးများနှင့် တက်ရောက်လာသူများက ရေသယံဇာတများ ထိန်းသိမ်းကာကွယ် ရေး၊ မြစ်ကြောင်းများထိန်းသိမ်းရေး၊ ဒီရေတောများထိန်းသိမ်းရေး၊ သဘာပတ်ဝန်းကျင်ထိခိုက် မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ရှေ့လုပ်ငန်း စဉ်များကို ချမှတ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။