မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ရန်ကုန် - မတ် ၁၆

 

လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူလျှင်မြန် ချောမွေ့ စေရန်နှင့် လိုအပ်ချက် များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနအသီးသီးမှ ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်များဖြင့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)  အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

 

ဒုတိယသမ္မတက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  စီးပွားရေးလုပ်ငန်းရှင်များနှင့်  တွေဆုံ ဆွေးနွေးခဲ့သည်မှာ  ယခုဆိုလျှင် (၄)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနစ် ဒီဇင်ဘာ (၁)ရက် ပထမ အကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် (၂၇)ချက်၊ ၂၀၁၇ ဇန်နဝါရီ (၁၃)ရက် ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် (၁၁)ချက်နှင့် ၂၀၁၇ ခုနစ် ဖေဖော်ဝါရီ (၁၈)ရက် တွင် ဆုံးဖြတ်ချက်(၁၆)ချက် စုစုပေါင်း (၅၄) ချက်ကို ချမှတ်ခဲ့ကြောင်း။

 

အဆိုပါတင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းကော်မတီ များက ဆက်လက်ပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်း UMFCCI သို့ အသိပေးအကြောင်းကြားထားပြီးဖြစ်ရာ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာလုပ်ငန်းရှင ်များကို အသိပေး အကြောင်းကြားလျက်ရှိကြောင်း၊ မှတ်တမ်းများအဖြစ် ပြုလုပ်ထားပြီး ဝန်ကြီးဌာနများ ကလည်း ဆောင်ရွက်ပြီးစီးမှုများကို ပေးပို့ထားပါကြောင်း၊ တိုင်းပြည်၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ပြီး ပုဂ္ဂလိကကဏ္ဍပိုမိုဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ထိထ ိရောက်ရောက်ဖြေရှင်း ပေးနိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုဖွဲ့စည်းထားပြီး ယင်းကော်မတီကို အထောက်အကူပြု မည့် လုပ်ငန်းစဉ်အလိုက် လုပ်ငန်းကော်မတီ(၅)ရပ်ကို ထပ်ဆင့် ဖွဲ့စည်းပေးထားပါကြောင်း။

 

ဥပဒေနှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီအနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးစေရန် အဟန့်အတားဖြစ်နေပြီး ခေတ်နှင့်မလျော်ညီသည့် ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် စပ်လျဉ်း၍ ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရေးနှင့် လိုအပ်သည့် စီးပွားရေးဆိုင်ရာ ဥပဒေသစ်များ ပြဌာန်းနိုင်ရေး တို့အတွက် ဥပဒေဆိုင်ရာ အကြံပြုခြင်းများကို ဆောင်ရွက်ပေးရန်ဖြစ် ပါကြောင်း၊

 

ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီအနေဖြင့် ငွေကြေး တည်ငြိမ်မှုရရှိစေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့မှုကြောင့် ထိုက်သင့်သလောက် တည်ငြိမ်မှုရရှိခဲ့ ကြောင်း၊

 

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီအနေဖြင့် ရန်ကုန်ဆိပ်ကမ်းများ တွင် ကုန်ပစ္စည်းများ တင်ပို့တင်သွင်းခြင်းများ ပြုလုပ်ရာတွင် ပြည်ပသို့ တင်ပို့သည့် ကုန်သေတ္တာများအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုနှင့် ပြည်ပမှ တင်သွင်းလာသော သွင်းကုန်သကြား ကုန်သေတ္တာတွင် မူးယစ် ဆေးဝါးပါဝင်မှုများ တွေ့ရှိမှုကြောင့် စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်သည့်အတွက် ပို့ကုန်၊ သွင်းကုန်များကို ဆိပ်ကမ်းများ၌ ကုန်တင်၊ ကုန်ချပြုလုပ်ရာ၌ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟု တင်ပြမှုအပေါ် လုပ်ငန်းကော်မတီအနေဖြင့် ကွင်းဆင်းပြီး လတ်တလောဖြေရှင်းပေးရမည့် အခြေအနေများ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ အချို့ အချိန်ယူ၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေး သွားရမည့်  ကိစ္စရပ်များကိုမူ သက်ဆိုင်ရာဌာနများနှင့် ဖြေရှင်းဆောင်ရွက်ပေးလျှက် ရှိသည်ကို ပြောကြား လိုကြောင်း၊

 

ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် တတ်နိုင်သမျှ ဖြေလျော့ပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီ အနေဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ပိုမိုဖြေရှင်းပေးနိုင်ရန် သက်ဆိုင်ရာဌာနအားလုံးနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း၊         အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်န်ိုင်မည့် အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ပုဂ္ဂလိကလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယခုမတ်လအတွင်း ကျင်းပသွား မည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီအနေဖြင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဆင်း လက်မှတ်များ ရရှိရေးကိုလည်း အထူးဆောင်ရွက်လျှက် ရှိကြောင်း။

 

အစိုးရသစ် စတင်တာဝန်ယူသော ကာလဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကြည့်မည်ဆိုလျှင် လျာထားချက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ သတ်မှတ်ခဲ့ သော်လည်း ယနေ့အထိ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၆၁၂ ဘီလီယံထိ ရရှိထားပြီးဖြစ်သည့် အတွက် လျာထားချက်ထက် ပိုမိုဝင်ရောက် ရင်းနှီးမြှုပ်နှံသည်ကို တွေ့ရမည်ဖြစ်ပြီး တိုးတက်မှုများ ရှိနေပြီ ဖြစ်ပါကြောင်း။

 

ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အချိုးညီညီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက်လည်း ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်၊ မြို့နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည့် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃) သတ်မှတ်ချက်များကိုလည်း အစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊

 

ယခုအစည်းအဝေးသည် နိုင်ငံတော်၏  စီးပွားရေးတိုးတက်မှုတွင် ပုဂ္ဂလိက၏ အခန်းကဏ္ဍ သည် အဓိကကျ သည့်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့် မူဝါဒပိုင်းဆိုင်ရာ များတွင် ခေတ်နှင့် လျော်ညီစွာ ချမှတ်ကျင့်သုံးဆောင်ရွက်နိုင်ရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခက်အခဲများအပေါ် နိုင်ငံတော် ပိုင်းက အတတ်နိုင်ဆုံး ဖြည့်ဆည်းဖြေရှင်းပေးသွားမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို တတ်နိုင်သမျှ တစ်လတစ်ကြိမ် ကြိုးပမ်းတွေ့ဆုံခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။

 

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားသည်။

 

ယင်းနောက် ပြည်ပပို့ကုန်များတင်ပို့ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်၍  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်စည် ဒိုင်နှင့် မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းတို့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ  ဒုတိယသမ္မတက သက်ဆိုင်ရာကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် စတုတ္ထအကြိမ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်း အဖွဲ့များမှ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။