ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီခြံများကြည့်ရှု

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၆

 

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင်ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒိုကွင်း ကော်ဖီစက်ရုံနှင့် ပုဂ္ဂလိက ကော်ဖီခြံများအား ကြည့်ရှုပြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးနှင့် ရတနာပုံမြို့သစ် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် Mandalay Coffee Group ကော်ဖီစက်ရုံသို့ ရောက်ရှိကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား ကော်ဖီစက်ရုံဧည့်ခန်းမ၌  မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က မြန်မာနိုင်ငံ ကော်ဖီအသင်းတည်ထောင်ခဲ့မှု၊ အသင်းဖွဲ့စည်းပုံ၊ ဈေးကွက်ရရှိမှု၊ ပြည်ပမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ပြည်ပသို့တင်ပို့နိုင်မှု၊ ဈေးကွက်နှင့်ပညာပေး ဆွေးနွေးမှု၊ အရည်အသွေး တိုင်းတာရေးအဖွဲ့ ဖွဲ့စည်းထားမှုနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ဒုတိယသမ္မတသည် ကော်ဖီအရည်အသွေးစမ်းသပ်နေမှု၊ ကော်ဖီစေ့ နမူနာများ၊ ကော်ဖီသီးများ စက်ဖြင့် အခွံခွာနေမူ၊ ကော်ဖီစေ့များသိုလှောင်ထားရှိမှုနှင့် ကော်ဖီစေ့များ အခြောက်ခံစက်ဖြင့် အခြောက်ခံနေမှုတို့ကို လိုက်လံ ကြည်ရှုသည်။

 

ယင်းနောက် ပွင့်ကောင်းနှင့်ခင်နွဲ့ရီကုမ္ပဏီလီမီတက် ကော်ဖီခြံသို့ရောက်ရှိကြရာ ခြံမန်နေဂျာက ခြံအတွင်းကော်ဖီပင် များစိုက်ပျိုးထားရှိမှု၊ နှစ်အလိုက်အသီးထွက်ရှိမှု၊ ကြားညှပ်သီးနှံစိုက်ပျိုးထားမှု၊ ဈေးကွက်အခြေအနေနှင့် အရည် အသွေးကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြပြီး ဒုတိယသမ္မတနှင့်အဖွဲ့သည် ကော်ဖီ ပင်များ စိုက်ပျိုးထားရှိမှုကိုကြည့်ရှုသည်။

 

ဒုတိယသမ္မတသည် ကော်ဖီခြံများသို့ရောက်ရှိစဉ် ကော်ဖီသည်သဘာဝအရိပ်ရပင်များအကြား ရောနှော စိုက်ပျိုးရသည့် အပင်မျိုးဖြစ်သည့်အတွက်  တစ်ဆက်တည်းရာသီ ဥတုကိုပါ ထိန်းသိမ်းရာရောက် ကြောင်း၊ ဒေသမှထွက်ရှိသည့် ကော်ဖီများ ဈေးကွက်ဝင်ရန်အတွက် မျိုးကောင်းမျိုးသန့်များရွေးချယ် စိုက်ပျိုးခြင်း၊ စနစ်တကျဆွတ်ခူးခြင်း၊ အခွံချွတ် ခြင်း၊ ကြိတ်ခွဲခြင်းအဆင့်ဆင့်အပြင် ထုတ်ပိုးမှုလည်း ကောင်းမွန်ရန်လိုအပ်ကြောင်း၊   ရာသီဥတု ဖြစ်စဉ်ပြောင်းလဲမှ ုများကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် သီးနှံ စိုက်ဧကများ ထိခိုက်ကျဆင်းလာသည့်အတွက် အမြင့်ပိုင်းဒေသများတွင် အဆင့်အတန်းမီ ကော်ဖီများ စီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက ပြည်ပဝင်ငွေရရှိမှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကော်ဖီစိုက်ပျိုးမှုကို စီမံကိန်းရေးဆွဲပြီး အလေးအနက်ထား စနစ်တကျစိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

 

ပြင်ဦးလွင်ကော်ဖီအရည်အသွေး အဆင့်တန်းမှာ ကမ္ဘာ့ကော်ဖီ ဈေးကွက်ဝင်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် အနေဖြင့် ကော်ဖီဧက(၁၉၀၀၀)ကျော် စိုက်ပျိုး ထားကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြင်ဦးလွင်ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်အတွင်း ကျောက်ဖြစ် ရုပ်ကြွင်းပြ တိုက်၊ သစ်ပင်မျိုးစိတ်များ ပျိုးထောင်ထားမှုနှင့် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

 

ထို့နောက် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးသို့ ရောက်ရှိပြီး ပြည်သူများအား ဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက် ပေးနေမှုကိုကြည့်ရှုအားပေးသည်။

 

နိုင်ငံတော်အနေဖြင့် မြို့နယ်များတွင် ပြည်သူ့ဝန်ဆောင်မှုရုံးများကို ပြည်သူ့တို့၏ အခြေခံ လိုအပ်ချက်များ အဆင်ပြေ ချောမွေ့အောင် ဝန်ဆောင်မှုပေးရန်၊ လာဘ်ပေး လာဘ်ယူမှု၊ အဂတိလိုက်စားမှုကိုတားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစပျိုးထောင်ရန်၊ ပြည်သူများကအစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ်အားကိုး ယုံကြည်မှု တိုးပွားရန်နှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဦးစီးဌာနအလိုက် အပြန်အလှန် ထိမ်းကျောင်းရန် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပြင်ဦးမြို့နယ် ရတနာပုံမြို့သစ်စီမံကိန်း နယ်မြေအတွင်း မော်တော်ယာဉ်များ ဖြင့်လှည့်လည်ကြည့်ရှုပြီး ရတနာပုံတယ်လီပို့စ် ပင်မအဆောက်အဦသို့ရောက်ရှိရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ရတနာပုံမြို့သစ် စီမံကိန်းရည်ရွယ်ချက်၊ စီမံကိန်း နယ်မြေအတွင်းမှသိမ်းဆည်းမြေများအတွက် လျှော်ကြေးငွေထုတ်ပေးခဲ့မှု၊ ITလုပ်ငန်းများ လုပ်ကိုင်သည့်ကုမ္ပဏီများ အား နေရာချထားပေးခဲ့မှု၊ အဆိုပြုစီမံကိန်း( Master Plan)၊ စီမံကိန်းအဆင့်အလိုက်ပါဝင်သည့်မြေဧက၊ အနာဂတ် ကာလအကောင်အထည်ဖော်ဆောင် ရွက်သွားမည့် အခြေအနေ၊  ဖွံ့ဖြိုးရေးစီမံကိန်းအဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊  အိမ်ရာစီမံကိန်းဧရိယာနှင့် ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ အတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့ကိုလည်းကောင်း၊ လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက လက်ရှိ၎င်းတို့ကြုံတွေ့ နေရသည့် အခက်အခဲများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတက ပင်မအဆောက်အဦပေါ်မှ စီမံကိန်းနယ်မြေကို ကြည့် ရှုသည်။