ဒုတိယသမ္မတ ဦးမြင့်ဆွေ MYANMAR- EU ECONOMIC FORUM ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၈

 

MYANMAR-EU ECONOMIC FORUM ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ KEMPINSKI ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ၊ ဥရောပကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုဖိုရမ်ကို အပြန်အလှန်ကုန်သွယ်မှုနှင့် မြန်မာနိုင်ငံအတွင်း အီးယူ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် အဓိကရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနှင့် အီးယူအကြား ကုန်သွယ်ရေးတိုးမြှင့်မှုနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတို့အတွက် ဆန်းသစ်သည့် အကြံဥာဏ်များကို ယခုဖိုရမ်၌ ဆွေးနွေးကြံဆနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

 

မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးသည် မိမိတို့အနေဖြင့် ပြည်တွင်းနှင့် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုများကို မည်မျှတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုသည့်အချက်အပေါ်တွင် မူတည်ပါကြောင်း။

 

မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းများနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေးစနစ်တစ်ရပ်ကို ကြိုးပမ်းအကောင်အထည်ဖော်နေခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ အကူအညီများ အရေးတကြီးလိုအပ်နေပါကြောင်း။

 

ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် မောင်းနှင်အားသည် တာဝန်ယူ မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများပင်ဖြစ်ကြောင်း၊ ယခုအချက်ကို နားလည်သဘောပေါက်သည့်အတွက် နိုင်ငံတော်အစိုးရ သည် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အတွက် အပြုသဘောသက်ရောက်မှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုများကို အားပေးကူညီရန် ခိုင်မာသည့် ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

 

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်သည့်နေရာတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုဆိုသည်မှာ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးအတွက် ပထမဆုံးနှင့် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန် ပင်လုံစိတ်ဓာတ်ဖြင့် ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်လာသည့် ရလဒ်များအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသား များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အားသွန် ခွန်စိုက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် ပါဝင်ဆွေးနွေး သူများအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အချက်များ အနက် (၃၇)ချက်ကို အောင်မြင်စွာ သဘောတူနိုင်ခဲ့ကြပါကြောင်း၊ ယင်းအချက်သည် နိုင်ငံတော် အစိုးရနှင့် အခြားပါဝင်ပတ်သက်သူများ၏ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကို အတူတကွအကောင်အထည်ဖော်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဖော်ဆောင်ကြရန် ခိုင်မာသည့် ဆုံးဖြတ်ချက်ချမှတ်ထားကြောင်းကို ပြသလိုက်ခြင်းပင် ဖြစ်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ အရင်းအနှီးရှာဖွေရေး၊ နည်းပညာနှင့် အလုပ်အကိုင်ဖန်တီးမှုတို့အတွက် အလွန်ပင်အရေးပါကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ရန် အဆင်ပြေမှုရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာရန် ရည်ရွယ်ပြီး ကောင်းမွန်သည့် မိုက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတော်အစိုးရအနေဖြင့် အားသွန် ခွန်စိုက် ကြိုးပမ်းအားထုတ်နေခြင်းပင်ဖြစ်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေမည့် အခင်းအကျင်းကို ဖန်တီးသည့်အနေဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ဥပဒေ၏ ထင်ရှားသည့်အချက်များသည် ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ်ပြုသည့်အချက်များနှင့် အဆင်မပြေမှုများရှိပါက တိုင်ကြားနိုင်သည့် ယန္တရား များကို ထည့်သွင်းထားခြင်းပင်ဖြစ်ပါကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားနှင့် တည်နေရာကိုလိုက်၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများကိုလည်း ပြဋ္ဌာန်းခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အားသာချက်များ များပြားစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်နေရာသည် ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံများနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုအကြား ကုန်စည်စီးဆင်းမှုများပြုလုပ်နိုင်သည့် မဟာဗျူဟာအချက်အချာကျသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှုကိုရရှိနေပြီး အာရှတိုက်၏ ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေအောင် မြှင့်တင်ပေးနိုင်သည့် ဆုံမှတ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည် သယံဇာတများနှင့် လူသားအရင်းအမြစ် ဖြစ်သည့် လူငယ်လူရွယ်ဦးရေ များပြားစွာရှိသည့် နိုင်ငံလည်းဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည့် အဓိကနယ်ပယ်များသည် ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်း၊ သတင်းအချက်အလက် ဆက်သွယ်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ ဖြစ်ကြပါကြောင်း၊ ယင်းနယ်ပယ်များသည် ဈေးကွက်များ ပိုမိုရရှိလာနိုင်ရန် အလားအလာရှိသည့် နယ်ပယ်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံလူ့အဖွဲ့အစည်းများအတွက် များစွာအကျိုးရှိနိုင်သည့် ရင်းနှီးမြုပ်နှံမှုကဏ္ဍ အများအပြား လည်း ကျန်ရှိနေပါသေးကြောင်း။

 

ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်လည်း နိုင်ငံတော်အစိုးရအနေနှင့် အခွန်ကောက်ခံရေး၊ ကုန်သွယ်မှုဖြေလျှော့ရေး ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပညာပေးအစီအစဉ်များနှင့် ပက်သက်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဒီမိုကရေစီအကူးအပြောင်းကာလကတည်းက ယနေ့တိုင် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

အီးယူ၏ တာဝန်ယူမှုရှိသည့် ရင်းနှီးမြုပ်နှံမှုများကို မြန်မာနိုင်ငံအစိုးရက နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အီးယူ ရင်းနှီးမြုပ်နှံမှုများနှင့် အတူ နည်းပညာနှင့် ကျွမ်းကျင်မှုများလည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနိုင်ရန် မိမိတို့မျှော်လင့်ပါကြောင်း၊ ထိုသို့ ဝင်ရောက်လာ ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား ရင်းနှီးသည့်ဆက်ဆံရေးကို မြှင့်တင်ပေးပြီး နိုင်ငံအသီးသီးနှင့် ပြည်သူများအပေါ် အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးကိစ္စများနှင့် ပက်သတ်ပြီး အနာဂတ်တွင် အီးယူနှင့် နီးကပ်စွာ ပူးပေါင်ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြား သည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr. Roland Kobia နှင့် The Association of European Chambers of Commerce and Industry (EUROCHAMBRES) မှ CEO ဖြစ်သူ Mr. Arnaldo Abruzzini တို့က အမှာစကား ပြောကြား ကြပြီး EuroCham Myanmar မှ Chairman ဖြစ်သူ Mr. David Levrat က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ဒုတိယသမ္မတ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

ထို့နောက် အဆိုပါဖိုရမ်ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း များတွင် အီးယူအဖွဲ့ဝင်နိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် အခန်းကဏ္ဍ၊ လူမှုတာဝန်ယူမှုအသင်းအဖွဲ့အခန်းကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့နှင့် စပ်လျဉ်းပြီး ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။