နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(နေပြည်တော်) ရုံးသစ်ဖွင့်ပွဲနှင့် နည်းပညာဆိုင်ရာ စာကြည်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၁၀

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်)ရုံးသစ်ဖွင့်ပွဲနှင့် နည်းပညာဆိုင်ရာ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇော်ဝနရပ်ကွက်ရှိ အဆိုပါရုံး အဆောက်အအုံရှေ့မျက်နှာစာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဦးဝင်းခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ အသင်းဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက ဦးအေးမြင့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်)ဥက္ကဋ္ဌ ဦးဝင်းနိုင်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(နေပြည်တော်) ရုံးသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဦးဝင်းခိုင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်တို့က ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရုံးအဆောက် အအုံ ဥပစာတွင် ခရေပင်ကို စိုက်ပျိုးပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(နေပြည်တော်) အဆောက်အအုံ ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာဖြင့် ပက်ဖျန်းသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့် လှိုင်နှင့် စာကြည့်တိုက် အလှူရှင်ကိုယ်စား MPRL E&P Pte L.td အထွေထွေမန်နေဂျာ ဦးမျိုးတင်တို့က နည်းပညာဆိုင်ရာ စာကြည့်တိုက်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်သည်တော်များသည် နည်းပညာဆိုင်ရာစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် အသင်းရုံးခန်းမ၌ ဖွင့်ပွဲဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ နာယက၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနာယက၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ဖွံ့ဖြိုးပြီးနိုင်ငံများကို ကြည့်ပါက အခြေခံအားဖြင့် အင်ဂျင်နီယာကဏ္ဍ၏ တီထွင်မှုများ၊ ဆန်းသစ်မှုများမှတစ်ဆင့် စက်မှုနိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံများလည်း ထွန်ယက်ရေး၊ ရိတ်သိမ်းချွေလှေ့ရေးနှင့် ကုန်ချောအဖြစ်ဈေးကွက်သို့တင်ပို့ရေး၊ သယ်ယူပို့ဆောင်ရေးစသဖြင့် အဆင့်ဆင့်သော လမ်းကြောင်းများသည် အင်ဂျင်နီယာကဏ္ဍ၏ ဆန်းသစ်မှုများဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

 

ထို့အတူ လူသားများ၏ Livelihood ကဏ္ဍများတွင်လည်း အင်ဂျင်နီယာကဏ္ဍ၏ တိုးတက်တီထွင်မှုများဖြင့် အစားအသောက်၊ အဝတ်အထည်၊ မော်တော်ယာဉ်၊ ရထား၊ လေယာဉ်၊ သင်္ဘော၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ လမ်းတံတား အခြေခံအဆောက် အအုံများ ပိုမိုဆန်းသစ်ပြီး လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်အဖြစ် နေထိုင်ရေးအတွက် Smart City ကဲ့သို့မြို့တော်မျိုး တီထွင်တည်ဆောက်လာကြသည်အထိ ကမ္ဘာကြီးတွင် အင်ဂျင်နီယာကဏ္ဍသည် အရေးကြီးဆုံးကဏ္ဍ အနေဖြင့် ရှိနေပါကြောင်း ပြောကြား သည်။

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကားပြောကြားကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (နေပြည်တော်) ဥက္ကဋ္ဌ ဦးဝင်းနိုင်က အသင်းရုံးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မျိုးဆက်သစ် အင်ဂျင်နီယာနှစ်ဦးက အသင်း၏ အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်သမ္မတထံ အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့က ရုံးအဆောက်အအုံ ဆောက်လုပ်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် န်ိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ နှင့်လည်းကောင်း၊ အလှူရှင်များနှင့်လည်းကောင်း စုပါင်း၍မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်သည်တော်များသည် အင်ဂျင်နီယာရုံးနှင့် ရုံးဝန်းအတွင်း ခင်းကျင်းပြသထားသော စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ပြည်တွင်းကုမ္ပဏီများ၏ ပြခန်း များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

ယနေ့ဖွင့်လှစ်လိုက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(နေပြည်တော်)ရုံးသစ်နှင့် နည်းပညာဆိုင်ရာ စာကြည့်တိုက သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇော်ဝနရပ် ကွက်တွင်တည်ရှိပြီး မြေဧရိယာအကျယ်အဝန်း ၂ဧက ပေါ်တွင် တည်ဆောက်ထားသည့် RC နှစ်ထပ်ဆောင်ဖြစ်သည်။

 

အင်ဂျင်နီယာလုပ်ငန်းများ ပေါ်ထွက်လာမှုကြောင့် အရည်အသွေးရှိ ပြည်တွင်း အင်ဂျင်နီယာများ မွေးထုတ်နိုင်ရန် BOC ကောလိပ်ကို ၁၉၂၇ ခုနှစ်တွင် ထူထောင်၍ မြို့ပြဘာသာရပ်ကိုစတင်သင်ကြားပြီး မြန်မာအင်ဂျင်နီယာများကို စတင်မွေးဖွားပေးခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံး အင်ဂျင်နီယာများအသင်းကို BURMAR ENGINEERING CONGRESS အမည်ဖြင့် ၁၉၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အင်ဂျင်နီယာ ဘာသာရပ်များ ဖွံ့ဖြိုးရေးကိုတစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရာ ၁၉၆၃ ခုနှစ်တွင် ရပ်ဆိုင်းခြင်းခံခဲ့ရသည်။

 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(MES)ကို ၁၉၉၅ ခုနှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ်၌ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သဖြင့် ယနေ့ဆိုလျှင် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၏ သတ်တမ်းသည် ၂၂ နှစ် ကျော်ခဲ့ပြီဖြစ်ကြောင်းသိရသည်။