ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မွန်ပြည်နယ် သထုံမြို့စက်မှုနယ်မြေ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၁

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်သို့ ရောက်ရှိပြီး သထုံမြို့ စက်မှုနယ်မြေအား ကြည့်ရှု စစ်ဆေးသည်။

 

ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ သထုံမြို့စက်မှု နယ်မြေသို့ ရောက်ရှိကြပြီး စက်မှုနယ်မြေအတွင်း တည်ဆောက်ထားသည့် အဆောက်အဦများနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကို စစ်ဆေးရာ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ကော့စတစ်ဆိုဒါ စက်ရုံ(သထုံ) အဖြစ်မှ စက်မှုနယ်မြေ(သထုံ) အဖြစ် ပြောင်းလဲ အကောင်အထည် ဖော်ရန် ဆောင်ရွက်နေမှု၊ လျှပ်စစ်၊ ရေ နှင့် အခြေခံအဦများ တည်ဆောက်ထားမှု၊ စက်မှုနယ်မြေအတွင်း Solar Process နည်းပညာဖြင့် လျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် စိစစ်ညှိနှိုင်းနေမှု၊ ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် Expression of interest ခေါ်ယူထားမှု၊ ရင်းနှီးမြှုပ်နှံရန် အဆိုပြုလာသည့် လုပ်ငန်းများ၊ စိစစ်ရွေးချယ်သွားမည့် လုပ်ငန်းစဉ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များအပေါ် ဒုတိယသမ္မတက စက်မှုနယ်မြေ (သထုံ) ပတ်ဝန်းကျင် ဒေသထွက်ကုန်ကြမ်း များကို အခြေခံသည့် စက်မှု လုပ်ငန်းများကိုပါ ထည့်သွင်းအကောင်အထည်ဖော်ရန်၊ ဆောင်ရွက်ပြီးခဲ့သော စက်မှုလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်၊ ဒေသခံများ အလုပ်အကိုင်ရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက် လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးရန် မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့အား စက်မှုနယ်မြေ(သထုံ) အစည်းအဝေး ခန်းမ၌ Energeia Asset Management (EAM) ကုမ္ပဏီ တာဝန်ခံက Solar Process နည်းပညာဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စီမံချက်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် စက်မှုနယ်မြေအတွင်း ဆိုလာပြား တပ်ဆင်မည့် အဆောက်အဦနှင့် အထည်ချုပ်စက်ရုံ ဆောင်ရွက်မည့် အဆောက်အဦကို ကြည့်ရှု စစ်ဆေးသည်။

 

စက်မှုနယ်မြေ(သထုံ)အဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရန်အတွက် စက်ရုံမြေ ဧရိယာ ၆၇၈ ဧကပေါ်တွင် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စားသည့် စက်မှုလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ခဲ့ရာ ကုမ္ပဏီ ၇ ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ကြကြောင်း၊ ယင်းအဆိုပြုလွှာများကို စက်မှုဝန်ကြီးဌာန ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့များ ဖြင့် စိစစ် ဆောင်ရွက်လျက်ရှိပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနှင့် နိုင်ငံအတွက် အကျိုးရှိမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးရွေး ချယ်နေကြောင်း သိရသည်။

 

အဆိုပြုလွှာ တင်သွင်းခဲ့သည့် လုပ်ငန်းများအနက်မှ သဘာ၀ ဆေးဖက်ဝင် အပင် များမှ ဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်း၊ သစ်ဥသစ်ဖုများမှ ထုတ်လုပ်သည့် အချိုရည်နှင့် သစ်သီးခြောက်လုပ်ငန်း၊ ဒေသထွက် ရာဘာများအား အရည်အသွေးမြင့်သန့်စင်ခြင်း လုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းနှင့် ရာဘာဆက်စပ်ပစ္စည်း လုပ်ငန်းများကို စိစစ်လျက်ရှိပြီး လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေး ဆောင်ရွက်နေသည်။

 

ထို့ပြင် စက်မှုနယ်မြေ (သထုံ) တွင် ဆောင်ရွက်ရန် လျာထားသည့် Solar Process နည်းပညာသုံး 30 MW လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအား အသေးစိတ် လေ့လာမှုများ ဆောင်ရွက်လျက် ရှိပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်နိုင်ပါက စက်မှုနယ်မြေ (သထုံ) အတွင်းရှိ စက်ရုံများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ပံ့ပိုးနိုင်မည့်အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။