တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လယ်ဝေးမြို့နယ်အတွင်း စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ထားရှိမှု၊ ပေါင်းလောင်းရေသောက်စနစ်နှင့် ပေါင်းလောင်းရေလှောင်တမံတို့ကို လှည့်လည်ကြည့်

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၅

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ပိုင်းတွင် ပျဉ်းမနားမြို့ရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံ အအေးခဲစက်ရုံနှင့် လယ်ဝေးမြို့နယ်အတွင်း စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ထားရှိမှု၊ ပေါင်းလောင်းရေသောက် စနစ်နှင့် ပေါင်းလောင်းရေ လှောင်တမံတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် အတူ ယနေ့နံနက် ၈နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာအနီးရှိ Myanmar Agri Foods ကုမ္ပဏီလီမိတက် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီဥက္ကဋ္ဌ ဦးရဲမြင့်မောင်က ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။

 

ဒုတိယသမ္မတက ကုန်ချောထုတ်လုပ်မှု၊ ကုန်ကြမ်းလိုအပ်မှု၊ မျိုးထုတ်လုပ်ရန်၊ စမ်းသပ် စိုက်ကွက်များ စိုက်ပျိုးရန် လိုအပ်လျက်ရှိသည့် မြေနေရာရရှိနိုင်မှုနှင့် ချေးငွေ ရရှိနိုင်မှုအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

 

သီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသောသီးနှံများကို စိုက်ပျိုးထုတ်လုပ်ပြီး ခိုင်မာသည့်ဈေးကွက်ရှာဖွေရန် သို့မဟုတ် ဈေးကွက်ခိုင်မာသေချာသည့် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်ရန်ဟူသည် အချက်နှစ်ချက်ကို အဓိကထည့်သွင်း စဉ်းစား ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကို ထိန်းသိမ်းရန်လည်း အရေးကြီးပါ ကြောင်း။

 

မိမိတို့နိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ရှိရာ နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ စံပြစိုက်ကွက်များဖော်ထုတ်ရန်နှင့် မိမိတို့နိုင်ငံအတွက် အဓိက လိုအပ်လျက်ရှိသည့် ခေတ်မီ ဓာတ်ခွဲခန်းတည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ခေတ်မီနည်း ပညာဖြင့် သီးနှံများအား တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် သန့်စင်ထုတ်လုပ်နေမှု အဆင့်ဆင့်နှင့် ထုတ်ပိုးမှု အဆင့်ဆင့် ဆောင်ရွက်နေမှုကို  လှည့်လည်ကြည့်ရှု လေ့လာသည်။

 

အဆိုပါကုမ္ပဏီကို တောင်သူတစ်ဦးချင်းစီ၏ လူနေမှုဘ၀နှင့် ဝင်ငွေတိုးတက် မြင့်မားစေရေး၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှုကြောင့် ဟင်းသီးဟင်းရွက်များ ပုပ်သိုး ပျက်စီးမှုနှင့် ရင်ဆိုင်ရသော အခြေအနေမှ ကင်းဝေးစေပြီး တည်ငြိမ်သည့်ဈေးကွက်နှင့် သေချာခိုင်မာသော အကျိုးအမြတ် ရရှိစေရေး၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသော လူမှုဘ၀ မြှင့်တင်ရေး အစီအစဉ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး၊ ပြည်တွင်း ထွက်ကုန်ကြမ်းမှတန်းဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်၍ နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေ ရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး စွန့်ဦးတီထွင်လုပ်ကိုင်သော စက်ရုံဖြစ်ကြောင်းသိရသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် ညောင်ပင်သာ ကျေးရွာရှိ ပေါင်းလောင်းမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် မြစိမ်းရောင် မေတ္တာပေါင်းကူးတံတားသို့ သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တံတားသစ် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ တင်ပြချက်ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်ယာ မြေဖော် ထုတ်ခြင်းလုပ်ငန်း သို့ရောက်ရှိပြီး စနစ်ကျလယ်ယာမြေများဖော်ထုတ်ထားရှိမှုနှင့် သီးနှံများစိုက်ပျိုးထားရှိမှုကို ကြည့်ရှုလေ့လာသည်။

 

ရှင်းလင်းဆောင်၌ ဒုတိယသမ္မတအား တာဝန်ရှိသူများက လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာအုပ်စုတွင် အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ (IFAD) ချေးငွေဖြင့် စနစ်ကျလယ်ယာ မြေဧရိယာ ၁၃၀ ဒသမ ၈၄ ဧက ဖော်ထုတ် ထားရှိမှု၊ တောင်သူများအား ခွဲဝေပေးမှု၊ စိုက်ပျိုးရေရရှိမှု၊ သီးနှံများစိုက်ပျိုးထားရှိမှု၊ ရာသီအလိုက်သီးနှံများ ဆက်လက် စိုက်ပျိုးသွားမည့် အခြေအနေနှင့် ဒေသခံတောင်သူ များအား ဆွေးနွေးပညာပေး၍ စနစ်ကျ လယ်ယာမြေများ ဆက်လက်ဖော်ထုတ်သွားမည့် အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတက စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုမေးမြန်းပြီး သီးနှံများစိုက်ပျိုး ထုတ်လုပ်ရာတွင် ဈေးကွက် သေချာသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

လယ်ယာမြေများတွင် ခေတ်မီလယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန်၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တိကျစွာ လိုက်နာနိုင်ရန်၊ စိုက်ပျိုးရေ အသွင်းအထုတ်လွယ်ကူစေရန်၊ ရိတ်သိမ်းချိန်ကာလ အားနည်းချက် လျော့နည်းပပျောက်စေရန်၊ အဆင့်မြင့် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နမူနာစံပြလုပ်ဆောင်ခြင်းဖြင့် ကျေးလက်ဒေသ အခြေခံအဆောက်အဦများ တိုးတက်ရေး မည်သို့ လုပ်ဆောင်သင့်သည်ကို လေ့လာရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် စနစ်ကျ လယ်ယာမြေများကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ပင်သောင်ကျေးရွာသို့ရောက်ရှိပြီး ပင်သောင်ကန် ပြန်လည်တူးဖော်ထားရှိမှု အခြေအနေကိုကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင် က ပင်သောင်ကန်၏ မူလအခြေအနေ၊ စက်ယန္တရားကြီးများအသုံးပြု၍ ပြန်လည်တူးဖော်ခဲ့မှု၊ ရေသိုလှောင်နှိုင်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှုတို့ကို ရှင်းလင်းတင်ပြ သည်။

 

ဒုတိယသမ္မတသည် ပင်သောင်ကန် တူးဖော်ထားရှိမှုကို ကြည့်ရှုပြီး ပင်သောင်ကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အားပေးစကားပြောကြားသည်။

 

ပင်သောင်ကန်သည် ကန်ဘောင်အလျား ပေ ၃၇၀၀၊ ကန်ဘောင်အမြင့် ၁၆ ပေ၊ ကန်ဘောင် အမျိုးအစား မြေသားဘောင်ဖြစ်ပြီး ကန်ရေပြည့်အနက် ၁၀ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၁၉၀နှင့် ၂၉၃ ဧကကို စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ် ကြောင်းသိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ပေါင်းလောင်းလက်ဝဲဆည် တူးမြောင်းမကြီးနှင့် ပေါင်းလောင်းရေလွှဲဆည်တို့ကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ပေါင်းလောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပေါင်းလောင်း ရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမည့် အခြေအနေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ပိုမိုထုတ်လုပ် နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

 

အဆိုပါ ဘက်စုံစီမံကိန်းကို ပေါင်းလောင်းရေလှောင်တမံမှ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ထုတ်လွှတ်လိုက်သော ရေများအပြင် တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် တို့အကြား ရေဆင်း ဧရိယာ ၆၀၀ စတုရန်းမိုင်ခန့်မှ စီးဝင်လာမည့် ရေများအား ရေလွှဲ ဆည်ဖြင့်ထိန်းကာ လက်ဝဲ၊ လက်ယာ တူးမြောင်းစနစ် တည်ဆောက်၍ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ရေတာရှည် မြို့နယ်များအတွင်းရှိ စီမံကိန်းရေသောက် ဧရိယာ ၃၅၀၀၀ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။