၂၀၁၇ ခုနှစ် နှစ်(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ရန်ကုန် ဇူလိုင် ၉

၂၀၁၇ ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်ရှိ ကွပ်ကဲရေးရုံး၌ကျင်းပရာ ၂၀၁၇ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟို ကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေတက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက အာဇာနည်နေ့သည် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျဆုံးခဲ့သည့် ခေါင်းဆောင် ကြီးများကို အမြဲတမ်းအမှတ်ရစေရန် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးသည် အသက်သွေးချွေးများကို စတေးပြီးမှ ခက်ခက်ခဲခဲရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရရှိရန် အသက်ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်  ခေါင်းဆောင်ကြီးများအား နောင်လာနောက်သားများ သိရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ ကျေးဇူးတရားကို မမေ့မလျော့စေရန်နှင့် နောင်လာနောက်သားများ မျိုးချစ် စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပနေခြင်းဖြစ်ပါကြောင်း။

 

၂၀၁၇ ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟို ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ဇွန်လ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၉/ ၂၀၁၇ ဖြင့် အဖွဲ့ဝင်(၁၈)ဦးဖြင့် လည်းကောင်း၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင်(၂၆)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ပထမအကြိမ်အစည်းအဝေးကို ဇွန်လ(၁၆)ရက် နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီးဆပ်ကော်မတီ(၈)ခုဖွဲ့စည်းကာ ဆုံးဖြတ်ချက် (၂၂)ချက် ချမှတ်ခဲ့ပါကြောင်း၊ ဇွန်လ(၂၅)ရက်နေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်နေအိမ်ပြတိုက်နှင့် အတွင်းဝန်ရုံး နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် ဆောင်ရွက်ရန် အချက်(၁၀)ချက် သတ်မှတ်ခဲ့ ကြောင်း၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် အတွက် ယနေ့အစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။

 

ယင်းနောက် ၂၀၁၇ ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ၂၀၁၇ခုနှစ် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုံခြုံရေးကော်တီဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး တို့က အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး နှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆပ် ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်း ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး  ဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနားကျင်းပရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ကဏ္ဍအလိုက် တာဝန်ယူဆောက်ရွက်ထားရှိမှု အခြေအနေများကို ဒုတိယသမ္မတအား ရှင်းလင်း တင်ပြကြသည်။

 

 ယင်းနောက် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။