ဒုတိယသမ္မတ ဦးမြင့်ဆွေ ရဘဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၄

ဒုတိယသမ္မတ ဦးမြင့်ဆွေ ယနေ့နံနက် ၁ဝနာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ ရဘဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဩဘာသာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတနာရှင် အလှူရှင်များ၊ ရပ်မိရပ်ဖ များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရဘဲကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း ဆိုင်းဘုတ်အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့နှင့် တိုင်းဒေသေကြီးအစိုရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ဒုတိယသမ္မတ ဦး မြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့က အခြေခံပညာအလယ်တန်းကျောင်း ကမ္ဗည်း မော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည် စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ကျောင်းအဆင့်တိုးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဇယန္တော ဗောဒိယာမူလေ အစချီသော အောင်ဂါထာဖြင့်ဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဒုတိယသမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့နိုင်ငံတော်အစိုးရ၏ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက် လျက်ရှိကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အထူးအရေးကြီးပါကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ဘက်စုံကဏ္ဍစုံလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း။

ယခုလို အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်လိုက်သည့်အတွက် တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ်အားထားရမည့် ဘက်စုံထူးချွန်ထက်မြက်သည့်နိုင်ငံ့သားကောင်း သမီးကောင်းများ မွေးထုတ်ပေးနိုင်ကြပါစေဟု ဆုတောင်းပါကြောင်း လျှောက်ထားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အလယ်တန်းအ ဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရခြင်းအတွက် ဝမ်းမြောက်ကြောင်း လျှောက်ထားသည်။

ယင်းနောက် ဒုတိယသမ္မတဦး မြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် စေတနာရှင် အလှူရှင်များထံ ကျောင်းသူလေးများက ကျောင်းဖွင့်ပွဲအထိမ်းအမှတ် အလံငယ်များကို ပေးအပ် သည်။

ထို့နောက် ရဘဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်က ငွေကျပ် သိန်း ၅၀၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးယုံးမူနှင့်ဇနီးတို့က ငွေကျပ် သိန်း ၅၀၀၊ ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ် သိန်း ၅၀ နှင့် စေတနာရှင် အလှူရှင်များက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယားများကို ဒုတိယသမ္မတ ဦး မြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ရပ်မိရပ်ဖ ဦးကျောက်ခဲတို့ထံ ပေးအပ်လှူဒါန်းကြပြီး ဒုတိယသမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည် မိန့်ကြားသည်။

ဆက်လက်၍ဒုတိယသမ္မတနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီ ဆင်မင်း ကျောင်း ပဓာနနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဩဘာသာဘိဝံသထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။