ဒုတိယသမ္မတဦးမြင့်ဆွေ ရွှေပုံတောင်ဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည်ရှုစစ်ဆေး

Printer-friendly versionSend by email

 

နေပြည်တော် ဇူလိုင် ၁၄

ဒုတိယသမ္မတ ဦးမြင့်ဆွေ မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ရွှေပုံတောင်ဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည်ရှုစစ်ဆေး သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၃ ရက် ညနေပိုင်း တွင် မော်တော်ယာဉ်များဖြင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ရွှေပုံတောင်ဒေသ စိမ်းလန်း စိုပြည်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ဦးစီးဌာန၏ ရည်မှန်းချက်၊ အဓိကလုပ်ငန်းတာဝန်များ၊ စိုက်ခင်းတည်ထောင်ခြင်း၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းလျာထားမှု၊ ဘဏ္ဍာနှစ်အလိုက် သဘာ၀တောကျန်များ ထိန်းသိမ်းကာကွယ်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းလျာထားမှု၊ ထင်းလောင်စာသုံးစွဲမှုအခြေအနေ၊ ထင်းအစားအခြား လောင်စာများ တိုးမြှင့်သုံးစွဲရေးဆောင်ရွက်နေမှု၊ ရေရရှိရေးဆောင်ရွက်ထားရှိမှု၊ လက်ရှိ ဆောင်ရွက်နေ သည့် လုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၄ ခရိုင်၊ မကွေးတိုင်းဒေသကြီးမှ ၄ ခရိုင်၊ မန္တလေးတိုင်း ဒေသကြီးမှ ၅ ခရိုင် စုစုပေါင်း ၁၃ ခရိုင်မှ သစ်တောဖုန်းလွှမ်းမှု အနည်းဆုံးဒေသများကို အထူးဦးစားပေး၍ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသ အတွင်း ထင်းအစားအခြားလောင်စာသုံးစွဲမှု မြှင့်တင်ရန်နှင့် ထင်းအစားထိုးလောင်စားများ ပိုမို ထုတ်လုပ်ရန် လိုအပ်ပါကြောင်း။

ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကို ရည်မှန်းချက်ပြည့် မီအောင် ဆောင်ရွက်ကြရန်၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာငန်းများကို ဒေသခံပြည်သူများ ယခုထက် ပိုမိုသိရှိနားလည်းအောင် အသိပညာပေးဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် စီမံကိန်းရှုရပ်မှနေ၍ ရွှေပုံတောင်စိမ်းလန်းစိုပြည် ရေးဧရိယာတစ်ခွင် သစ်ပင်များစိုက်ပျိုးရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေနှင့် ဧရာဝတီမြစ် ရေစီးဆင်းမှုအခြေအနေတို့ကို ကြည့်ရှုပြီး ရွှေပုံတောင်အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင်များပျိုးထောင်ထားရှိမှု၊ ထိန်းသိမ်း ထားရှိမှုအခြေအနေများနှင့် မြစ်ရေတင်လုပ်ငန်း တို့ကို လှည့်လည်ကြည့်ရှုသည်။

ရွှေပုံတောင် စိမ်းလန်းစိုပြည်ရေးနယ်မြေသည် ဧရိယာ (၁၂၃၇၉) ဧက ကျယ်ဝန်းပြီး မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ ချောက်မြို့နယ်မှ မြောက်ဘက် တစ်မိုင်ခန့်အကွာ ချောက်-ညောင်ဦး မော်တော်ကားလမ်းဘေး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိ သည်။

ရွှေပုံတောင်ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းနှင့် မြစ်ရေ တင်သွယ် တန်းနိုင်သည့်နေရာများတွင် တမာပင်ပေါင်း (၂၈၂၁၁၈)ပင်ကို အဓိကစိုက်ပျိုး ထား၍ အရိပ်ရ လေကာပင်များဖြစ်သည့် ကျွန်း၊ ယင်းမာ၊ ဖျောက်ဆိပ်၊ ကုက္ကိုစသည့် အပင်စုစုပေါင်း (၂၂၀၀)ပင် စိုက်ပျိုးထားရှိသည့်အပြင် တောင်ထိပ်ပိုင်းတွင် ညောင်၊ ယူကလစ်၊ ဒဟတ်၊ ဘောစကိုင်း၊ ကန္တာစိမ်း၊ မန်ဂျန်ရှား စသည့်သစ်မျိုးများ (၄၄၀၀) ပင် စိုက်ပျိုးထားရှိကြောင်း သိရသည်။