ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် ဇူလိုင် ၁၄

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒအရ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ရန်နှင့် တိုင်းပြည်၏ စီးပွားရေးကိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် တစ်ချိန်တည်းမှာပင် Digital Economy ပေါ်ထွန်းလာရေး ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိကြောင်း ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသည်။

ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee) အစည်းအဝေး (၁/၂၀၁၇) တွင် ဒုတိယသမ္မတ က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယသမ္မတ က ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတက်မှုကော်မတီကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတွင် Digital Economy အောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်အစိုးရက ဦးဆောင်ပံ့ပိုးရန်၊ Digital Economy ကို အခြေခံ၍ အခြား စီးပွားရေးကဏ္ဍများကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးရှိ ပြည်သူများ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတို့တွင် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများနှင့် ဒီဂျစ်တယ် နည်းပညာများကို မြှင့်တင်ဖန်တီး၍ မြန်မာနိုင်ငံကို အာဆီယံဒေသ၏ Digital Hub တစ်ခု ဖြစ်လာစေရန်နှင့် ၎င်းမှတစ်ဆင့် Digital Economy ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် အစရှိသည့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများတွင် Digital Economy ကို တိုင်းပြည်၏အဓိက စီးပွားရေးအဖြစ်အကောင်အထည်ဖော်ရန် နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်ဆောင်ရွက် လျက်ရှိကြပါကြောင်း။

နိုင်ငံ၏ကဏ္ဍများအားလုံးကို ဒီဂျစ်တယ်စနစ်သို့ မြှင့်တင်ပြောင်းလဲမှုများပြုလုပ်ပြီး Digital Economy ကို တည်ဆောက်ကြရာတွင် ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေခံအဆောက်အဦ လိုအပ်ချက်များ ကိုမြှင့်တင်ရန်၊ ဒီဂျစ်တယ်အခြေခံအဆောက် အဦများမြှင့်တင်ရန်၊ နည်းဥပဒေနှင့် မူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရန်၊ လူ့စွမ်းအားအရင်း အမြစ် မြှင့်တင်ရန်၊ လုပ်ငန်းများ၊ ငွေကြေးအရင်းအမြစ်များရရှိရန် အစရှိသည့် လိုအပ်ချက် များကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပြီး စီးပွားရေးပတ်ဝန်းကျင် အခြေအနေ ကောင်းများဖြစ်လာရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း Startup ကုမ္ပဏီများ အလွယ်တကူ လုပ်ငန်းများစတင်နိုင်ရန်၊ အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ငန်းများ အဆင်ပြေအောင်မြင်မှုရရှိစေရန်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ စီးပွားရေးပတ်ဝန်းကျင် အခြေအနေ ကောင်းများ ဖြစ်ပေါ်လာစေရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် သတ်မှတ်ထား သည့် အချိန်ကာလအတွင်း လိုလားသည့်အဆင့်တစ်ခုသို့ ရောက်ရှိရန် ရည်မှန်း ချက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဒုတိယအဆင့်အနေဖြင့် နိုင်ငံတကာနည်းပညာဦးဆောင် ကုမ္ပဏီများ၏ နည်းပညာ ခေါင်းဆောင်များထံမှ အကြံဉာဏ်များရယူခြင်းနှင့်ပူးပေါင်းဆောင် ရွက်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာ ကုမ္ပဏီများမှ နည်းပညာ များလွှဲပြောင်း ရယူနိုင်ရန်ကြိုးစားခြင်း၊ ပြည်တွင်းတီထွင်ဖန်တီးနိုင်မှုများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ခြင်း၊ နည်းပညာ Startup ကုမ္ပဏီများ ပေါ်ထွက်လာအောင်အားပေးခြင်း၊ ပြည်တွင်း ကုမ္ပဏီများနိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ဆောင်ရွက်ခြင်းတို့အပြင် သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုတွင် အာဆီယံဒေသ၏ Digital Hub တစ်ခု ဖြစ်စေရန် နှင့် Digital Economy ကိုအခြေခံတည်ဆောက်ပြီး တိုင်းပြည်ဝင်ငွေရှာဖွေနိုင်ရန် ရည်မှန်း ချက်ထား စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သုံးစွဲသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ ပါဝင်လာရန် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ကဏ္ဍအသီးသီးတွင် ဒီဂျစ်တယ်စနစ်သို့မြှင့်တင်ပြောင်းလဲမှု များအောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုလျှင် ဒီဂျစ်တယ်နည်းပညာကို ကောင်းစွာအသုံး ပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာပြီး Digital Economy ဖြင့် တိုင်းပြည်၏စီးပွားရေးကိုများစွာ အကျိုးပြုနိုင် မည်ဖြစ်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်းများစွာ အကျိုးပြုစေမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၊ မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင်နည်းပညာနှင့် အင်တာနက်ရရှိနိုင်မှု ကွာဟနေခြင်း (Digital Divide) ကိုထိ ထိရောက်ရောက်လျော့ချကာ ဒီဂျစ်တယ်နည်းပညာများကို ပြည်သူလူထု၏ စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့်ပြည်သူလူထု၏ နေ့စဉ်လူနေမှုအဆင့်အတန်း တိုးတက်လာရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်း လိုပါကြောင်းပြောကြားသည်။

ထို့နောက် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီဝင်များဖြစ်ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန်များ ညွှန်ကြားရေးမှူးချုပ်များနှင့် ပုဂ္ဂလိကကဏ္ဍမှပညာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။