ရွှေနံသာတန်ဖိုးမျှတအိမ်ရာ ဖွင့်ပွဲအခမ်းအနားကျင်းပ

Printer-friendly versionSend by email



နေပြည်တော် ဇူလိုင် ၁၅

ရွှေနံသာတန်ဖိုးမျှတအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက်ရှိ ရွှေနံ့သာအိမ်ရာစီမံကိန်းအတွင်း ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာသန်းမြင့်၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်နှင့် ဦးနိုင်သက်လွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးကျော်လင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာ ဖွင့်ပွဲအခမ်းနားကို အဆိုပါအိမ်ရာရှေ့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။

ယင်းနောက် ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာဖွင့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် ရွှေနံ့သာ တန်ဖိုးမျှတအိမ်ရာ တည်ဆောက်ထားမှုကို လှည့်လည်ကြည့်ရှုသည်။

ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ တွင် ပြီးစီးခဲ့သည်။ အဆောက်အဦများမှာ R.C (၅)ထပ်နှင့် Steel Structure (၅) ထပ် အမျိုးအစားများဖြစ်ပြီး အလျှား ပေ ၁၀၀၊ အနံ ၄၇ ပေစီ ရှိကြောင်းသိရသည်။ အဆောက်အဦးတစ်လုံးလျှင် အလျားပေ ၂၀ ၊ အနံ ပေ ၂၀ ရှိ အခန်းစုစုပေါင်း ၄၀ စီ ပါဝင်ကြောင်းလည်းသိရသည်။

ရွှေနံ့သာအိမ်ရာစီမံကိန်းတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ၂၂ လုံးဆောက် လုပ်မည်ဖြစ်ရာ ၈ ခန်းတွဲ ၅ ထပ်အိမ်ရာ ၈ လုံး၊ ၄ ခန်းတွဲ ၄ ထပ်အိမ်ရာ ၁၂ လုံးနှင့် ၆ ခန်းတွဲ ၃ ထပ်အိမ်ရာ ၂ လုံးတို့ကို ဆက်လက်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရ သည်။

ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာ၌ မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၁၃၅ သိန်း၊ ပထမထပ်တစ်ခန်းလျှင် ငွေကျပ် ၁၂၅ သိန်း၊ ဒုတိယထပ်တစ်ခန်းလျှင် ငွေကျပ်သိန်း ၁၂၀ ၊ တတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၁၁၅ သိန်းနှင့် စတုတ္ထထပ်တစ်ခန်းလျှင် ငွေကျပ်သိန်း ၁၁၀ ဖြစ်ပြီး ဝယ်ယူမည်ဆိုပါက တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ကာ ကျန် ၇၀ ရာခိုင်နှုန်းကို နှစ်ရှည်အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ အိမ်ရာစီမံကိန်းကို မြို့ပြကဏ္ဍ အိမ်ရာဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့ပြ ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ နေချင်စဖွယ်မြို့ပြ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုအတွက်သော်လည်းကောင်း အခွင့်အလမ်းများဖော်ထုတ်နိုင်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ဘေးဒဏ်ခံနိုင်သည့် မြို့အဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေရန်နှင့် နိုင်ငံသားများအားလုံး လူနေမှုဘ၀မြင့်မားစေမည့် သင့်လျော်သော အိမ်ရာများရရှိစေရန် ရည်မှန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။