နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ နှစ် (၇၀)ပြည့် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူ သွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး ကုသိုလ်ပြု အမျှပေးဝေ

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၉

နှစ်(၇၀) ပြည့် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြင့်တော်မူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီးဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်း နွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩ ဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တကဝိသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာ တော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ဈေးကုန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တကဝိသာရထံ လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီးဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်တို့က ဆရာတော် သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက နိုင်ငံတော် ဩဝါဒါ စရိယ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ သံဝေဂကထာ တရား နာယူကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။