ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၂၉) ကြိမ် မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၄

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား လမ်းညွှန် အမှာစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားပြီး မြန်မာအားကစားအဖွဲ့ကိုယ်စား မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ အောင်နိုင်ရေးအလံပေးအပ်သည်။

ရှေးဦးစွာ(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ကြမည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား မောင်၊ မယ်များက ဂါရ၀ပြုမိတ်ဆက်ကြသည်။

အခမ်းအနား၌ ဒုတိယသမ္မတက ယခုအချိန်တွင် အားကစားသမား မောင်၊ မယ်အားလုံးသည် ပြိုင်ပွဲတွင် အစွမ်းကုန် ထုတ်သုံးနိုင်ရန် ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းပါ အဆင့်အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေကြရမည် ဖြစ်ပါကြောင်း။

အားကစားသမား မောင်၊ မယ်များအနေဖြင့် ဇွဲ၊ စိတ်ဓာတ်အပြည့်အဝဖြင့် မိမိတို့၏ အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်အောင် တက်ညီလက်ညီဖြင့်အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် မှာကြားလိုပါကြောင်း၊ သွားရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ယခုအကြိမ်တွင် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုလျှင် မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲ မှတ်တမ်းတင်နိုင်မည်ဖြစ်ပါကြောင်း။

အားကစားအောင်မြင်မှုနှင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန် ယခုကဲ့သို့ နိုင်ငံတကာ အားကစားပြိုင်ပွဲ တစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသောဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများအားလုံး သတိချပ်ကြရန် လိုပါကြောင်း။

မိမိတို့နိုင်ငံတော်ကို နိုင်ငံတကာနှင့် အဘက်ဘက်တွင် ရင်ဘောင်တန်းနိုင်ရန်အတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ အားထုတ်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အားကစားကဏ္ဍကိုလည်း နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရန် အစီအမံ များစနစ်တကျချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်ဖြစ် ထွန်းမှုများကို ဖော်ထုတ်ပြသကြရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အပ်နှင်းမည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အလံတော်သည် ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုလျက် ရှိနေသည်ဆိုသည့်ခံယူချက်နှင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏ အောင်လံတလူလူ လွှင့်ထူနိုင်ရန် ရေကုန် ရေခမ်း အစွမ်းကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း။

ယခုကဲ့သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဖက်ဖက်က ကူညီအားပေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများ၊ အားကစားဝါသနာရှင်များ အားလုံးကိုလည်း နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင် ရှိပါကြောင်းနှင့် အောင်ပန်းဆင်ပြန်လာမည့် အားကစားသမား မောင်၊ မယ်များအား ဂုဏ်ပြုချီးမြှင့်သည့်အခါတွင်လည်း ယခုကဲ့သို့ ပူးပေါင်း အားပေးသွားကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

ယနေ့ နိုင်ငံတော်ကို ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစား စွမ်းဆောင်ရည် မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန်မှုစသည့်အချက်များ ပြည့်ပြည့်၀၀ ခိုင်ခိုင်မာမာ ရှိနေပြီဟု ယုံကြည်ထားသည့်အတွက် ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးပမ်းသွားကြရန် တိုက်တွန်းလိုပါ ကြောင်း။

ထို့ပြင် ပြိုင်ပွဲကာလအတွင်း၌လည်း စဉ်ဆက်မပြတ်လေ့ကျင့်ရင်း အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်နှင့် အချင်းချင်း ရိုင်းပင်းကူညီသွားကြရန်၊ အဆင့်ဆင့် စီမံကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး စည်းကမ်းနှင့်အညီ စုဖွဲ့သွားလာ ဆောင်ရွက်ကြရန်၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ စရိုက်အစဉ်အလာ ကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြရန်၊ အထူးသဖြင့် နိုင်ငံတော်နှင့်တကွ တစ်မျိုးသားလုံးက မိမိတို့ အပေါ်တွင် မြင့်မားသည့် မျှော်လင့်ချက်များနှင့် စောင့်မျှော်နေကြမည်ဆိုသည်ကို သိမြင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန် "လှေခွက်ချည်းကျန် အလံမလှဲစတမ်း" စိတ်ဓာတ်နှင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင် အနိုင်ယူခဲ့ကြရန်၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးမည့် အားကစားသမား မောင်၊ မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေအောင် စွမ်းဆောင်သွားကြပါဟု အလေးအနက် တိုက်တွန်းလိုပါ ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ မြန်မာနိုင်ငံတော်အလံ အပ်နှင်းသည်။

ထို့နောက် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့ အား လှူဒါန်းငွေများ ပေးအပ်ခြင်းအစီအစဉ်ကိုကျင်းပရာ 100 Plus Co.,Ltd၊ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊ Max Myanmar Group of Co.,Ltd၊ ဧရာ မြန်မာအာမခံလုပ်ငန်းနှင့် Jewellery Luck Group of Co. တို့က ဒုတိယသမ္မတထံ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ရွှေသံလွင်မီဒီယာကုမ္ပဏီ (Sky Net)၊ Balance Fitness၊ Nestle Myanmar Co., Ltd ၊ ဖြိုးစည်သူ ကျွန်းအထူးစိုက်ခင်းကုမ္ပဏီလီမိတက်၊ ရွှေတောင်ဖွံ့ဖြိုးတိုး တက်မှုကုမ္ပဏီလီမိတက်နှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့က မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် မြန်မာအားကစားအဖွဲ့ဝင် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမား မောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြု ပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ် ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလှူရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင်ကြမည့် မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားမောင်၊ မယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဩဂုတ် ၁၉ ရက် မှ ၃၁ ရက်အထိ ကျင်းပ၍ အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အချိန်ယူ စခန်းသွင်း လေ့ကျင့်ပြီး အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း ၂၉ မျိုးတွင် အားကစားသမား ၅၉၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။