ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းစာရှင်းလင်း

Printer-friendly versionSend by email

ရန်ကုန် သြဂုတ် ၆

ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သော မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ ကျောက်စိမ်းခန်းမ၌ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ၌ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက မောင်တော ဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ (၁-၁၂-၂ဝ၁၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၉/၂ဝ၁၆ ဖြင့် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ပေါင်း (၁၃)ဦးဖြင့် ဖွဲ့စည်းမိန့် ထုတ်ပြန်ခဲ့ပါကြောင်း။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တော ဒေသတွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လေ့လာစိစစ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်နှင့်အတူ-

(၁) မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့သည့် နောက်ခံ အခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်များ။

(၂) အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အခြားထိခိုက်မှုများ။

(၃)ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ။

(၄) နယ်မြေရှင်းလင်းစိုးမိုးရေး ဆောင်ရွက်ချက်များအပေါ် ပြင်ပမှစွပ်စွဲချက်များ မှန်ကန်မှု ရှိ၊ မရှိ။

(၅) ပြည်သူများ၏ လုံခြုံမှုနှင့် အခြေခံအခွင့်အရေးများအား အာမခံချက်ပေးနိုင်ရေး။

(၆) ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရေး။

(၇) စုံစမ်းစစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံ၍ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ အကြံပြုပေးရန်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့(၃၁-၁-၂ဝ၁၇)ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ စာတင်ပြရန် ဖြစ်ပါကြောင်း ပဏာမရှင်းလင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်များအား တစ်ဦးချင်း မိတ်ဆက်ပေးပြီး ဆက်လက်ပြောကြားရာတွင် မောင်တောဒေသ စုံစမ်း စစ်ဆေးရေးကော် မရှင်တွင် တာဝန်ပေးထားသူများသည် နယ်ပယ်အသီးသီးမှ လေးစား ယုံကြည်ရသည့် အတွေ့အကြုံရင့်ကျက်သော ပုဂ္ဂိုလ်ကြီးများဖြစ်ပါကြောင်း၊ မြန်မာ့အရေး၊ ကမ္ဘာ့အရေးများတွင် အတွေ့အကြုံပေါင်း မြောက်မြားစွာ ရှိသူများဖြစ်သည့်အပြင် ဌာနပေါင်းစုံ၊ ကဏ္ဍပေါင်းစုံနှင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြစ်ပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားသော အဖွဲ့အစည်းဖြစ်ပါကြောင်း။

ထို့ပြင် ကိုးကွယ်သည့်ဘာသာကို ကြည့်လျှင်လည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာဝင်များ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင် သည် တာဝန်စပေးသည့် (၁-၁၂-၂ဝ၁၆)ရက်မှစပြီး မောင်တောဒေသသို့ (၄)ကြိမ် ကွင်းဆင်း စစ်ဆေးကာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ခဲ့ပါကြောင်း။

မောင်တောဒေသ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ဖြစ်စဉ်သည် ရခိုင်ပြည်နယ်အတွင်း ယခင်ကဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်မတူဘဲ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် အဓိက တာဝန်ယူထားသော အမှတ်(၁)နယ်ခြားစောင့် ရဲကွက်ကဲမှုအဖွဲ့ဌာနချုပ် (ကျီးကန်းပြင်)၊ ငါးခူရနယ်မြေ ရဲစခန်းနှင့် ကိုးတန်ကောက် ရဲကင်းစခန်းများကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်း မျိုးစုံတို့ကို ရယူသွားသည့် နိုင်ငံတော်ပုန်ကန်မှုဖြစ်စဉ် ဖြစ်သည့်အပြင် ပြည်ပနှင့်ဆက်စပ်နေသော ကွင်းဆက်များလည်း ပေါ်ပေါက်ခဲ့သည့်အတွက် ဖြစ်စဉ်သည် ပိုမိုရှုပ်ထွေး၊ နက်ရှိုင်းလျက်ရှိသည်ဟု သုံးသပ်ပြောကြား လိုပါကြောင်း။

မိမိတို့ကော်မရှင်ကို သတ်မှတ်ပေးသည့် (၃၁-၁- ၂ဝ၁၇)ရက်တွင် အစီရင်ခံစာတင်ပြရန် စီစဉ်ခဲ့ သော်လည်း ယင်းကာလမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသော မောင်တောဒေသမှ မူဆလင်များအား တွေ့ဆုံ မေးမြန်းမှုများပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန်ရန်ရှိကြောင်း ကြားသိရသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာကို စောင့်ဆိုင်းခဲ့ ပါကြောင်း။

ထိုအစီရင်ခံစာထုတ်ပြန်လာသည့်အခါ အစီရင်ခံစာ ပါဖော်ပြချက်ဖြစ် ရပ်များ မှန်ကန်မှု ရှိ၊မရှိ၊ ကိုက်ညီမှု ရှိ၊ မရှိ မောင်တောဒေသသို့ ထပ်မံသွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးမေးမြန်း ရခြင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက် ရှိနေသော မောင်တောဒေသမှ မူဆလင်ကျေးရွာသူ ကျေးရွာသားများကို ၄င်းတို့နေထိုင်သည့် ဒုက္ခသည်စခန်းများအရောက် သွားရောက် စစ်ဆေး မေးမြန်းနေရခြင်း၊ ထို့ပြင် ၄င်းမူဆလင်များက သူတို့၏ နစ်နာဆုံးရှုံးမှုများအတွက် တရားရေးလမ်းကြောင်းအရ တရားရုံးတွင် တရားစွဲဆိုနိုင်ကြောင်း မိမိတို့ ကော်မရှင်က ကမ်းလှမ်းခဲ့မှု အပေါ် တုံ့ပြန်လာမည့် အခြေအနေများကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရခြင်း တို့ကြောင့် မူလသတ်မှတ် ထားသည့်ရက်ထက် ခြောက်လကျော်ခန့် ပိုမိုကြာမြင့်ခဲ့ရပါကြောင်း။

ထို့ပြင် မောင်တောဒေသတွင် စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အမြား ဖမ်းဆီးရရှိမှုများ ရှိနေသည့်အတွက် မူးယစ်ဆေးဝါးကုန်သွယ်မှု လမ်းကြောင်းသည် လက်နက်ကိုင်ပုန်ကန်မှုများ၊ စီးပွားရေး သမားများနှင့် ဆက်နွှယ်ပြီး ကြီးထွားလာနိုင်သော အခြေအနေများကို တွေ့ရှိနေရပါကြောင်း၊ ထိုအခြေအနေကို မိမိတို့ကော်မရှင်၏ အစီရင် ခံစာတွင် ပြည့်စုံစွာ ရေးသားပြုစုဖော်ပြထားပါကြောင်း။

မောင်တောဒေသ၌ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကဏ္ဍအလိုက် အဆက်အစပ်ရှိရှိ၊ ရည်မှန်းချက်ရှိစွာ မည်သို့ စီမံဆောင်ရွက် သွားသင့်ကြောင်း၊ မောင်တောဒေသ အနာဂတ်အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကိုရည်မျှော်၍ အကြံပြုချက်များကို တင်ပြထားပါကြောင်း။

ယခု သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်၏ အစီရင်ခံစာ အကျဉ်းချုပ်ကို မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ အစီရင်ခံစာ အပြည့်အစုံကို နိုင်ငံတော်သမ္မတထံ တင်သွင်းထားပြီးဖြစ်ပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာပါ အကြောင်းအရာများ အပြည့်အစုံကို ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ရှင်းလင်းသွား မည်ဖြစ်သည့် အတွက် သိသင့်သိထိုက်သည်များကို ပိုမိုသိရှိသွားနိုင် ပါကြောင်း။

ကော်မရှင်သည် မောင်တောဒေသ၏ အတိတ် နောက်ခံအခြေအနေနှင့် လက်ငင်းဖြစ်ပျက်နေသော အခြေအနေများကို စုံလင်အောင်သုံးသပ်ပြီး ပြုပြင်ဆောင် ရွက်သင့်သည်များကို အုပ်ချုပ်ရေးဆိုင်ရာ၊ သတင်းမီဒီယာ ဆိုင်ရာ၊ UN အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများဆိုင်ရာ၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာ၊ ဘာသာ/ သာသနာရေးဆိုင်ရာ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ၊ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ၊ နိုင်ငံတကာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာနှင့် အထွေထွေဟူ၍ ခေါင်းစဉ်များ ခွဲခြားအကြံပြုထားပါကြောင်း။

သတင်းမီဒီယာများကို ကော်မရှင်၏ အဓိက စစ်ဆေးတွေ့ရှိချက်ကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် စတင် ဖြစ်ပွားသော ပထမပိုင်းကာလအတွင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်အဖွဲ့ဝင်များက ရက်စက်စွာ တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်စဉ်များကို လည်းကောင်း၊ တတိယ ပိုင်းကာလတွင် အကြမ်းဖက်အဖွဲ့ဝင်များက ဒေသခံ တိုင်းရင်းသားများကိုရော မူဆလင် ကျေးရွာသားများကိုပါ ရက်စက်စွာ သတ်ဖြတ်မှု၊ ကျေးရွာသားများကို ခြိမ်းခြောက်မှု၊ အကြမ်းဖက် သင်တန်းများပေးမှုများကို မဖော်ပြ သည့်အပြင် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မောင်တောဒေသရှိ ကျေးရွာများအား ပြည်တွင်း/ပြည်ပမှ ထောက်ပံ့ရေးပစ္စည်းများ ကူညီ ထောက်ပံ့မှုစသည့် အခြေအနေများကို နိုင်ငံတကာမှ သိအောင် အလေးထားဖော်ပြခြင်းမပြုခဲ့သည်ကို တွေ့ရှိရ ပါကြောင်း။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကြိုး ပမ်းဆောင်ရွက်ချိန်ဖြစ်သည့် ဒုတိယပိုင်းကာလ၌ အကြမ်း ဖက်သမားများနှင့် အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ၊ မီးလောင်မှုများ၊ နေအိမ်များမှ ရွာသူ ရွာသားများ စွန့်ခွာ ထွက်ပြေးမှုများ၊ ပစ္စည်းပျောက်ဆုံး၊ ပျက်စီးမှုများ စသည့် ဖြစ်ရပ်များနှင့် မောင်တောဒေသမှ ထွက်ပြေးလာသူများ၏ တစ်ဦးချင်းမေးမြန်း ထွက်ဆိုချက်များအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင် ပုံကြီးချဲ့ပြီး ပုံဖော်မီးမောင်း ထိုးခဲ့ကြောင်း။

ထို့ပြင်မောင်တောဒေသတွင်နေထိုင်သည့် လူနည်းစု ဖြစ်သော ဒေသခံတိုင်းရင်းသားများကို မေးမြန်းပြီး ၄င်းတို့၏ သဘောထားများ၊ ဖြေဆိုချက်များကိုထည့်သွင်း စဉ်းစား ဖော်ပြခြင်းမပြုခဲ့သည်ကို ဝမ်းနည်းစွာ တွေ့ရှိရပါကြောင်း။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အဖွဲ့ဝင်လေးဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့ သည်ဟုဆိုသူ ၂ဝ၄ ဦးအား တွေ့ဆုံမေးမြန်းချက်များ ဖော်ပြပါရှိသည့် မဟာ မင်းကြီးရုံး၏ ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီ ၃ ရက် ရက်စွဲပါ Report of OHCHR Mission to Bangladesh အစီရင်ခံစာ၏ သုံးသပ်ချက်အပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မူဆလင်များအား တိုက်ခိုက်ခြင်းသည် လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု(Crime against humanity)ဖြစ်နိုင်ခြေရှိကြောင်း၊ ၄င်းတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုလုပ်ရပ်များသည် လူမျိုးတုံး သတ်ဖြတ်သန့်စင်ခြင်း (Ethnic cleansing) ဟု ဖော်ပြနိုင်ကြောင်း စွပ်စွဲထားသည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့ ကော်မရှင်သည် ယင်းအစီရင်ခံစာကို အသေးစိတ်လေ့လာဖတ်ရှုပြီး အစီရင်ခံစာတွင် ပါရှိသည့် ကျေးရွာပေါင်း ၂ဝ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ စွပ်စွဲချက်များကို အချိန်ယူ၍ စုံစမ်းစစ်ဆေးသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသုံးခုသို့ သွားရောက် ပြီး ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းခဲ့ပါကြောင်း။

ကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များကို အခြေခံပြီး သုံးသပ်ပြောကြား ရမည်ဆိုပါက ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံးက သုံးသပ်သည့် Crime against humanity ဖြစ်နိုင်ခြေလုံးဝ မရှိပါကြောင်းနှင့် Ethnic cleansing ဟု ယူဆနိုင်သည့် အနေအထားလည်း လုံးဝမတွေ့ရှိ ပါဟု ပြောကြားလိုပါကြောင်း။

ထို့ပြင် အချို့သော ပြင်ပပုဂ္ဂိုလ်များက ၄င်းဒေသ၌ လူမျိုးတုံးအောင် သတ်ဖြတ်ခြင်း (Genocide) ရှိသယောင် စွပ်စွဲပြောဆိုခြင်း၊ မဟုတ် မမှန်သတင်းဖြန့်ခြင်းများကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်၏ အချိန်ယူ စုံစမ်း စစ်ဆေးချက်များအရ ထိုဖြစ်ရပ်မျိုးလုံးဝမရှိကြောင်း တွေ့ရှိရ ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ကော်မရှင်၏အစီရင်ခံစာတွင် ပါရှိသည့် ရခိုင်ပြည်နယ် ၏အနေအထား၊ ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်များ၏နောက်ခံအခြေအနေ၊ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ဦးဆောင်ပါဝင်သူများ၊ မောင်တောဖြစ်စဉ်၏ ထူးခြားချက်၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေးများ၊ အာမခံချက်ပေးနိုင်မှုအခြေအနေ၊ ပဋိပက္ခကြိုတင် ကာကွယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး၊ ပြင်ပစွပ်စွဲပြောဆိုမှုများအပေါ် စိစစ်တွေ့ရှိချက်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာပါဖော်ပြချက်များအပေါ် ကော်မရှင်၏ သုံးသပ်ချက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကော်မရှင်အဖွဲ့ သွားရောက်စုံစမ်းစစ်ဆေးချက်၊ ကော်မရှင်၏ အကြံပြုချက်များ စသည်တို့ကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့အပြင် ကော်မရှင်က နိုင်ငံတကာတွင် ကျင့်သုံးသည့် စုံစမ်းစစ်ဆေးသောနည်းစနစ်များအတိုင်း လျှို့ဝှက် သိုသိပ်စွာ မေးမြန်းခဲ့မှု၊ ကော်မရှင်သည် မောင်တောဒေသအတွင်း လေးကြိမ်ကွင်းဆင်း စစ်ဆေး၍ မှုခင်းဖြစ်ပွားရာ နေရာစခန်းနှင့် ကျေးရွာပေါင်း ၆၄ နေရာသို့ အရောက်သွား၍ စုံစမ်းစစ်ဆေးခဲ့မှု၊ အခါအားလျော်စွာသတင်း ထုတ်ပြန်ခဲ့မှု၊ ထိုဒေသအတွင်း တစ်ဖက်နှင့်တစ်ဖက် နားလည်မှုမရှိ၊ ယုံကြည်မှုမရှိ၊ ရောယှက်ဆက်ဆံခြင်းမရှိသည့် လူ့အသိုင်းအဝိုင်းများအတွင်း သတင်းချဲ့ကားခြင်း၊ မဟုတ်မမှန်စွပ်စွဲခြင်း၊ ပြင်ပစွက်ဖက်မှုပယောဂများနှင့် ဆက်စပ်နေသည့် အခြေအနေများ၊ ထွက်ပေါ်လာသည့် သက်သေများနှင့် စွပ်စွဲပြောဆိုမှုများကို မှန်၊ မမှန် အလေး အနက်ဆင်ခြင် သုံးသပ်ဆောင်ရွက် မှုများအပြင် စုံစမ်း တွေ့ရှိချက်များအပေါ် အခြေခံ၍ လက်ငင်းဆောင်ရွက်ရ မည့်အချက်များနှင့် ရေရှည်မဟာဗျူဟာ ချမှတ်ဆောင်ရွက် ရမည့် အကြံပြုချက် ၄၈ ချက်တို့ကို ထည့်သွင်း တင်ပြမှုများ၊ မောင်တောဒေသ၌ လူ့အခွင့်အရေးကိစ္စများကို ကြည့်ရှု စုံစမ်းနိုင်မည့် ယန္တရားတစ်ခုထားရှိသင့်သောကိစ္စတို့အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက အသေးစိတ် ရှင်းလင်းဖြေကြားသည်။

ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကဏ္ဍအလိုက် မှတ်တမ်း ဓာတ်ပုံများ၊ မောင်တောဒေသဆိုင်ရာ အချက်အလက်များ၊ မြေပုံကားချပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)၏ စွပ်စွဲချက်များနှင့် ၄င်းစွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များ၊ ကော်မရှင်၏ သုံးသပ်ချက်တို့ကို ပြည့်စုံစွာ ခင်းကျင်းပြသထားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကော်မရှင်အဖွဲ့ ဝင်များဖြစ်ကြသော ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးညွန့်ဆွေ၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာလှမောင်၊ ဦးဇော်ဝင်း (ရဲချုပ်ငြိမ်း)၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ဦးအောင်နိုင်နှင့် ဒေါက်တာ သာဉာဏ်တို့ စုံညီစွာ တက်ရောက်ကြသည်။

ထို့အပြင် ပြည်ပသတင်းမီဒီယာ ၁၄ ဌာနနှင့် ပြည်တွင်းသတင်းမီဒီယာ ၄၇ ဌာနတို့မှ သတင်းမီဒီယာ သမား စုစုပေါင်း ၁၁၄ ဦး တက်ရောက် သတင်းရယူခဲ့ကြောင်း သိရှိရသည်။