(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email



နေပြည်တော်၊ သြဂုတ် ၁၈

(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံကျင်းပ နိုင်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။



အစည်းအဝေးသို့ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယကဒေါက်တာသော်ကောင်း၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်နှင့် ဦးသိန်းဆွေ၊ ( ၁၇ ) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။



ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယနေ့ကျင်းပသည့် အစည်းအေဝးသည် ၂ဝ၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် (၁၇)ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ ( 17th Congress of Southeast Asian Librarians - CONSAL XVII ) နှင့် ဆက်စပ်အစည်းအေဝးများဖြစ်သည့် CONSAL ၏ တတိယအကြိမ် အမှုဆောင်အဖွဲ့အစည်းအေဝးနှင့် ( ၂၆ ) ကြိမ်မြောက် အာရှနှင့် ပစိဖိတ် ဒေသ အမျိုးသားစာကြည့်တိုက်များ၏ ညွှန်ကြားရေးမှူးများညီလာခံ ( 26th Conference of Directors of National Libraries in Asia and Oceania – CDNLAO ) တို့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်ခေါ်ယူသည့် ဦးစီးကော်မတီ ၏ ပထမအကြိမ်အစည်းအဝေး ဖြစ်ပါကြောင်း၊ ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၁/၂ဝ၁၇ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီတွင် ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌ ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်(၁၃)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အလားတူ လုပ်ငန်းကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ဖွဲ့စည်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် (၁၃) ဦး ဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ဝန်ကြီးဌာနများအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရန် ဆပ်ကော်မတီ(၁၄)ခုနှင့် အတွင်းရေးမှူးရုံးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊



(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံတွင် အာဆီယံအဖွဲ့ဝင်(၁ဝ)နိုင်ငံနှင့်အတူ အရှေ့တီမောနိုင်ငံကလည်း လေ့လာသူအဖြစ် ပါဝင် မည်ဖြစ်ပါကြောင်း၊ အဆိုပါညီလာခံ ကျင်းပရသည့်ရည်ရွယ်ချက်မှာ စာကြည့်တိုက်များ၊ စာကြည့်တိုက် အသင်းအဖွဲ့များနှင့် စာကြည့်တိုက်မှူးများ အချင်းချင်းကွန်ရက် ဆက်သွယ်ပြီး စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီမှ ဆောင်ရွက်ရန်အတွက် လုပ်ငန်းတာဝန်(၄)ရပ်ကိုလည်း ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ ( 17th CONSAL ) ၏ အိမ်ရှင်နိုင်ငံအဖြစ် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပထမအကြိမ်အမှုဆောင် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ( ၂၈ ) ရက်မှ ( ၂၉ ) ရက်အထိ ရန်ကုန်မြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် အမှုဆောင်အဖွဲ့အစည်းအဝေးကို၂ဝ၁၇ ခုနှစ်၊ မေလ(၈) ရက်မှ (၉) ရက်နေ့အထိ ရန်ကုန်မြို့တွင်လည်းကောင်း ကျင်းပခဲ့ပြီး ၂ဝ၁၈ ခုနှစ် မေလတွင် တတိယအကြိမ် အမှုဆောင်အဖွဲ့အစည်းအဝေးကို ညီလာခံနှင့် ပူးတွဲကျင်းပမည် ဖြစ်ပါကြောင်း၊ ၄င်းအပြင် တစ်ဆက်တည်း (၂၆)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသ အမျိုးသားစာကြည့်တိုက်များ၏ ညွှန်ကြားရေးမှူးများညီလာခံ ( 26th CDNLAO ) ကို ကျင်းပမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် မေလတွင် ကျင်းပမည့် ( ၁၇ ) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ( 17th CONSAL ) သည် မြန်မာနိုင်ငံ၌ ပထမဦးဆုံးလက်ခံကျင်းပသည့် စာကြည့်တိုက် ပညာရပ်ဆိုင်ရာ နိုင်ငံတကာညီလာခံဖြစ်ပါကြောင်း၊ အခြားနိုင်ငံများနည်းတူ နိုင်ငံတော်အဆင့် ညီလာခံကြီး အဖြစ် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အနေဖြင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်မည့်စီစဉ်ဆောင်ရွက်မှုများကို အကြံကောင်း ဉာဏ်ကောင်း များဖြင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြပါရန်နှင့် ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။



ထို့နောက် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံ များ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။



ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပနိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။



ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆပ်ကော်မတီ(၁၄)ခုနှင့် အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများက (၁၇)ကြိမ်မြောက်အရှေ့တောင်အာရှ နိုင်ငံများ ၏ စာကြည့်တိုက်မှူးများညီလာခံ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။



ယင်းနောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အစည်းအဝေး သို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြသည်။

ယင်းနောက် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။