နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် ကော်မရှင်အဖွဲ့၀င်များအားလက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် ကော်မရှင်အဖွဲ့၀င်များအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့၀င်များအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံ၏ ရေရှည် အမျိုးသားအကျိုးစီးပွားကို မျှော်မှန်းလျက် နိုင်ငံတော်၏ ဥပဒေ၊ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေ များ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရရှိရေးအပါအ၀င် လူမှုစီးပွား ရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ ပညာရေးကဏ္ဍ ၌ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို စနစ်တကျလက်ခံနေမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအစီအမံများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ သတင်းမီဒီယာ ရယူခွင့်ဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံပေးအပ်ခဲ့ရာ နိုင်ငံတော်သမ္မတ က ယခု အစီရင်ခံစာကို အလေးအနက်ထားစဉ်းစားသွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ အချိန်အခါ သည် နိုင်ငံတကာအသိုက်အ၀န်းနှင့် မိမိတို့နိုင်ငံအကြား ယုံကြည်မှု ပိုမိုတိုးမြှင့် ရရှိစေရန် ကြိုးပမ်းနေရသည့် အချိန်ကာလလည်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံ တွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပကတိအခြေအနေမှန်ကို ကောင်းစွာ နားလည်ပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဒေါက်တာ၀င်းမြတ်အေး၊ အမြဲတမ်း အတွင်း၀န် ဦးကျော်ဇေယျနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။