နိုင်ငံတော်သမ္မတ ဦးထင်ကျော် အိန္ဒိယသမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Printer-friendly versionSend by email



နေပြည်တော် စက်တင်ဘာ ၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် အိန္ဒိယသမ္မတ နိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

ညစာစားပွဲတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် အိန္ဒိယသမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။

 

နိုင်ငံတော်သမ္မတဦးထင်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့၏ နှစ်နိုင်ငံဆက်ဆံရေးသည် နယ်မြေချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများထက် ပိုမိုပါ ကြောင်း၊ ထို့ပြင် မိမိတို့၏ သမိုင်း ကြောင်းများနှင့် ယဉ်ကျေးမှုသည် ဆက်နွှယ်နေရုံသာမက နှစ်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်လည်း နီးကပ်စွာ တည်ရှိခဲ့ပါကြောင်း၊ မဟတ္တမဂန္ဒီနှင့် ဗိုလ်ချုပ် အောင်ဆန်း၊ ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးနှင့် ဝန်ကြီးချုပ် ဦးနုတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကလည်း ရင်းနှီးချစ်ကြည်မှုကို ပိုမိုခိုင်မာစေ ပါကြောင်း။

 

မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကူညီ ထောက်ပံ့ပေးခဲ့သည် များကို ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီက မြန်မာ ပြည်သူများအတွက် H1N1 ကာကွယ်ဆေးများကို လှူဒါန်းပေးခဲ့ပါကြောင်း၊ အာနန္ဒာဘုရား အပါအဝင် ၉၂ ဆူသော ပုဂံဘုရားများ ပြန်လည်ပြင်ဆင်ရန်အတွက် အကူအညီ ပေးခြင်းသည်လည်း အိန္ဒိယ နိုင်ငံ၏ ကောင်းမွန်သော စိတ်စေတနာကို ဖော်ညွှန်းနေပါကြောင်း။

 

အိန္ဒိယနိုင်ငံ၏ အရှေ့နှင့်လက်တွဲဆောင်ရွက်ရေးမူဝါဒ အိမ်နီးချင်းနိုင်ငံသာ ပထမ မူဝါဒများကို လေးစားဂုဏ်ယူပါကြောင်း၊ ထို့ပြင် အဆိုပါမူဝါဒများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေး ခိုင်မာစေရန် သာမက အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေးတွင်လည်း အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက် ရှိပါကြောင်း၊ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နယူးဒေလီမြို့တွင် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ်ညီလာခံကို လက်ခံကျင်းပမည်ဟု သိရှိရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

 

နှစ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။



အိန္ဒိယသမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် နှစ် ၇၀ နီးပါးရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံ လူမှုအသိုင်းအဝိုင်းတွင်လည်း နီးစပ်သော ဆက်သွယ်မှုများ တည်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် အာဆီယံ ဆက်နွှယ်မှုတွင်လည်း ပါဝင်တည်ရှိနေပါကြောင်း၊ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှု သမိုင်းသည် တူညီစွာ တည်ရှိခဲ့ပါကြောင်း၊ ထိုသို့ တူညီစွာတည်ရှိခဲ့သော အခြေအနေများနှင့် အတူ ပိုမို ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါ ကြောင်း၊ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

 

ညစာစားပွဲအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ၀န်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ရှိ သဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။