အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ တတိယအကြိမ် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်အဝေးကျင်းပ

Printer-friendly versionSend by email



နေပြည်တော်၊ စက်တင်ဘာ ၅



အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ တတိယအကြိမ်ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကောင်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အမျိုးသား အဆင့်ရေအရင်းအမြစ်ကော်မတီ၏ တတိယအကြိမ် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး ဖြစ်သကဲ့သို့ ကော်မတီဝင်အားလုံးပါဝင်သည့် စုံညီအစည်းအဝေးလည်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေနှင့်ဆက်နွယ်သည့်ကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အထောက်အကူပြု ဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဆောင်ရွက်နေသည့် ရေဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အတူတကွ ဝိုင်းဝန်းဆွေးနွေးနိုင်ရန် ကျင်းပခြင်းလည်းဖြစ်ပါကြောင်း။

 

အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီအနေဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကမ္ဘာ့ရေနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါကြောင်း၊ ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးများတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူ များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း မိမိတို့ အနေဖြင့် အမျိုးသားအဆင့်ရေးမူဝါဒနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ လစဉ်ပေးပို့ သည့် ရေဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် တိုးတက်မှုအခြေအနေများကို စိစစ် သုံးသပ်၍ လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ရေနှင့်ဆက်နွယ်သည့် အခြေခံအဆောက်အဦ ဆိုင်ရာ အချက်အလက်များကို စနစ်တကျ ဆက်လက်စုစည်းပြုစုနိုင်ရန် နှစ်အလိုက် ပြောင်းလဲလာသည့် အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ အနေဖြင့် သေချာစွာစိစစ်ပေးပို့ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ကော်မတီအနေဖြင့် ရေဆိုင်ရာကဏ္ဍတွင် ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရေး၊ ရေနှင့်ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါး သက်သာစေရေး၊ ရေရှည်တည်တံ့သော ရေအသုံးချမှုဖြစ် ပေါ်စေရေး၊ နယ်စပ်ဖြတ်ကျော်မြစ်များတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရေနှင့်သက်ဆိုင်သော သတင်းအချက် အလက်များနှင့် နည်းပညာများရယူ၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ ရေဆိုင်ရာအချက်အလက် များစုစည်းပြုစု၍ သတင်း အချက်အလက်များဖြန့်ဝေရေး၊ ရေဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ရေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပံ့ပိုး ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

မိမိတို့ ကော်မတီအနေဖြင့် အာရှ- ပစိဖိတ်ဒေသအတွင်း အရေးပါသည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု တစ်ခုဖြစ်သော တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပနိုင်ရေးအတွက် Asia Pacific Water Forum နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ညီလာခံကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ တာဝန်များပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

 



ထိရောက်သည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတွင်းရှိ ရေအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်ရေး စီမံ ဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိစေရန်သက်ဆိုင်သည့် ကဏ္ဍများအလိုက် အားသွန်ခွန်စိုက် ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဒုတိယဥက္ကဋ္ဌက အမျိုးသား အဆင့်ရေအရင်း အမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဧရာ၀တီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲရေးစီမံကိန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ကော်မတီအတွင်းရေးမှူး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီအကြံပေးအဖွဲ့၀င်များက သောက်သုံးရေ အရည်အသွေးသတ်မှတ်နိုင်ရေး၊ အမျိုးသားရေဥပဒေရေးဆွဲနေမှုနှင့် မြေပေါ်နှင့် မြေအောက်ရေများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသုံးချနိုင်မည့် အခြေအနေများကို အကြံပြုရှင်းလင်း တင်ပြကြသည်။



ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီ ၏ ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးကြသည်။



ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။