ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ



နေပြည်တော် စက်တင်ဘာ ၆



ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊

ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်၀င်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ၀င်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွက် အရေးကြီးသည့်အချိန်တွင် တာဝန်ရှိသူများယခုလိုတွေ့ဆုံခြင်းသည် နိုင်ငံအတွက် အကျိုးရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအနေဖြင့် “ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု သတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်” ခေါင်းစဉ်ဖြင့် မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပေါ်စေရန် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် ကြိုတင် သတိရှိပြီး မလိုလားအပ်သည်များ ဖြစ်လာမည်ကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူများအကြားစိုးရိမ်ပူပန်မှုများ မဖြစ်စေရန်နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီး ညှိနှိုင်းဆောင်ရွက်နေကြသည်ကို ပြည်သူများကို အသိပေးရန် လိုအပ်ကြောင်း၊

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကိုအသုံးချပြီး ယုံကြည်မှုအစွန်းရောက်သူများက ဆူပူမှုဖြစ်အောင် လုပ်မည် ဆိုသည့်အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ယခင်ကလည်း ထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန်လုပ်ဆောင်ခဲ့ကြသည်များကို တွေ့နိုင်ကြောင်း၊ဤသို့ အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့်ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရန် လိုအပ်သည်ကို အလေးအနက်ထား ပြောလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များအပေါ် လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားများနှင့် ဒေသတွင်းနေထိုင်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုးပျက်စီးနေသည့် နေရာတွင် အမြန်ဆုံး ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို ချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း၊ နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဘာသာ၊ လူမျိုးမခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိပြီးဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတကနိဂုံးချုပ် အမှာစကားပြောကြားရာတွင် အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အခမ်းအနားကို ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။