ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၂၁

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ ယခု အားလုံး သိပြီးဖြစ်သည့်အတိုင်း ဝန်ကြီးဌာနများကို လျှော့ချလိုက်ပါကြောင်း၊ လျှော့ရသည့် အကြောင်းကိုလည်း ရှင်းလင်းပြီး ဖြစ်ပါကြောင်း၊ အချို့ဝန်ကြီး ဌာနများ လျှော့ချခဲ့သည့်နည်းတူ အချို့ဝန်ကြီးဌာနများကို ပေါင်းစည်း ခဲ့ပါကြောင်း၊ ပေါင်းစည်းသည့် ဝန်ကြီးဌာနများ လုပ်ငန်းချောမွေ့စေရေးအတွက် ပြန်လည် ဖွဲ့စည်းရပါကြောင်း၊ ဖွဲ့စည်းပုံပြန်လည် ပြင်ဆင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ထိုသို့ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရာတွင် ရည်ရွယ်ထားသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနများ ဖွဲ့စည်းမှုကို ယခင်က တစ်လ၊ နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်း ထားသော်လည်း ယခုဆောလျင်စွာ ဖွဲ့စည်းနိုင်မည်ဟု ထင်ပါကြောင်း၊ ဆောလျင်စွာ ဖွဲ့စည်းနိုင်ပါက မြန်မြန် ဆန်ဆန် အလုပ်ဖြစ်မည် ဖြစ်ပါကြောင်း။

 

သို့သော်လည်း ဆောလျင်စွာ ဖွဲ့စည်းသည့်အတွက် နောင်တွင် ပြင်ဆင်စရာများ ရှိလာနိုင်သည် ကိုလည်း ထည့်သွင်းစဉ်းစား ရမည် ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်တွေ့ လုပ်ကြည့်မှ အပိုအလိုကို သိမည်ဖြစ်ကြောင်း၊ ယခုဝန်ကြီးဌာန အသီးသီး ပြန်လည် ပြင်ဆင်ဖွဲ့စည်းမည် ကိစ္စတွင်  တစ်ဦးနှင့် တစ်ဦး သတိပေးအကြံပြုစရာများရှိပါက သတိပေး အကြံပြုစေလိုကြောင်း၊ အစည်းအဝေး တွင် မပါဝင်သော ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲလွယ်သည့် အခြေအနေဖြစ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်  ကျန်းမာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် နိုင်ငံတော်သမ္မတရုံး ဖွဲ့စည်းပုံ ပြင်ဆင်ရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့က ဝန်ကြီးဌာနများ ဖွဲ့စည်းပုံအသစ် ပြင်ဆင် ရေးဆွဲမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က စာရင်းစစ်ချုပ်ရုံး၏ သဘောထား မှတ်ချက်ကို ဆွေးနွေး တင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲခြင်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ကူညီ ဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီး၏တင်ပြချက်များအပေါ် မိမိအနေဖြင့် အားတက်မိပါကြောင်း။ လုပ်ငန်း ဆောင်ရွက်မှု များသည် အတော်အတန် ခရီးရောက်နေပြီဟု မြင်ပါကြောင်း၊ ကြိုတင် ပြင်ဆင်ရေး၊ ပြုပြင်ရေး လုပ်ငန်းများ ခရီးရောက်နေပြီဖြစ်သည့်အတွက် မှန်းထားသည့် အချိန်ထက်ဆောလျင်စွာ ပြီးစီးမည်ဟု ယူဆပါကြောင်း၊ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သီးခြား အစည်းအဝေးများတွင် တင်ပြ ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ယခုအစည်းအဝေးတွင် အတည်ပြုချက် ရရှိပြီးနောက် ပြင်ဆင်ဖွဲ့စည်းသည့် ဝန်ကြီးဌာနများ အနေဖြင့် စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၊ ရသုံးခန့်မှန်းခြေငွေစာရင်း ဦးစီးဌာန စသည်တို့၏ ခွင့်ပြုချက်များကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး သဘောတူခွင့်ပြုချက် ရရှိရေးအတွက် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သတင်း ရရှိရသည်။