အစိုးရသစ် ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဆဋ္ဌမအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ

Printer-friendly versionSend by email

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဆဋ္ဌမအကြိမ်  သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆)

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်းက ရက် ၁၀၀ အတွင်း လုပ်ငန်းစဉ် လေးခု ဆောင်ရွက်ခဲ့ပါကြောင်း၊ စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆) ကို ရန်ကုန်မြို့တွင် ကျင်းပခြင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အကြီးစား နှင့် အလယ်အလတ်စား အခွန်ထမ်း ကုမ္ပဏီများ၏ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်း စံများကို လိုက်နာ ကျင့်သုံးမှုအခြေအနေအား အစီရင်ခံ တင်ပြခြင်း၊ အစိုးရ ကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရငွေစာရင်း ထားနည်းစနစ်အား ငွေသားစီးဆင်းမှု အခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့်ဆင့် ကူးပြောင်း ဆောင်ရွက်ခြင်းနှင့် ပုံမှန် စစ်ဆေးရေးအစီအစဉ်လုပ်ငန်း ရပ်များကို တင်ပြခြင်းတို့ဖြစ်ပါကြောင်း။

 

နမူနာကောက်ရွေးချယ်နည်း

စာရင်းနှင့်စာရင်းစစ်ပြပွဲကို ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်မြို့)၌ ကျင်းပခဲ့ပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ် အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်း စံများလိုက်နာ ကျင့်သုံးမှု အခြေ အနေကို အစီရင်ခံ တင်ပြရန် International Financial Reporting နှင့်ပတ်သက်၍ ဆောင်ရွက်နေ ပါကြောင်း၊ GIZ ဂျာမန် ကုမ္ပဏီကလည်း အထောက်အပံ့ပေးနေပါကြောင်း၊ ဆန်းစစ် မေးခွန်းလွှာများပြုစု၍ ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ်အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ လိုက်နာ ကျင့်သုံးမှု အခြေအနေကို နမူနာ ကောက်ရွေးချယ်နည်းဖြင့် ရွေးချယ်ကာ လေ့လာစိစစ်သုံးသပ်မှု ပြုလုပ်မည်ဖြစ်ပါကြောင်း။

 

ပွင့်လင်းမြင်သာမှု အားနည်း

အစိုးရကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရ ငွေစာရင်းထားနည်းစနစ်အား ငွေသား စီးဆင်းမှုအခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့် ဆင့်ကူးပြောင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ နိုင်ငံတကာ နှင့်ယှဉ်ပါက နိုင်ငံတွင် ပွင့်လင်းမြင်သာမှု အားနည်းနေ ပါကြောင်း၊ ဒီအစိုးရလက်ထက်တွင် စွန့်စွန့်စားစားနှင့် မှတ်တိုင်တစ်ခုဖြစ်အောင် ကျင့်သုံးရန်ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြား သည်။

အထူးမွမ်းမံသင်တန်းများအား ရပ်စဲခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဗယ်လင်တိုင်းက ရက် ၁၀၀ အတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင် သည့် ဥပဒေထုတ်ပြန်နိုင်ရေး၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြန်တမ်းဝင်အရာရှိ ဝင်ပေါက် ရာထူး ရေးဖြေစာမေးပွဲမေးခွန်း ပုံစံပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ် လျက် ရှိသော ပုံမှန် သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများနှင့်စပ်လျဉ်း၍ သင်ကြားမှုပုံစံများ ပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်း များနှင့် ဘာသာရပ်ပို့ချချက်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ သင်ရိုးဇယားနှင့် သင်ရိုးညွှန်းတမ်းများအား သုံးသပ်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် Civil Services Academy (CSA) များကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်း အကယ်ဒမီတည်ထောင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ဗဟို ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ဟု အမည် ပြောင်းလဲ ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်း တံဆိပ်များသည် ခေတ်ကာလအားဖြင့် လျော်ညီမှုမရှိတော့ခြင်းကြောင့် တက္ကသိုလ်အမှတ်အသား Logo တံဆိပ်အသစ်၊ ဆောင်ပုဒ်အသစ်များ ပြင်ဆင်သတ်မှတ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်နေသော ဒုတိယညွှန်ကြားရေးမှူး ၊ ညွှန်ကြားရေးမှူးများ၏ အကဲဖြတ် မှတ်တမ်းနှင့် ရာထူး တိုးမြှင့်ပေးရန် တန်းစီဇယားများ စုစည်းစိစစ်ခြင်း၊ အခြေခံဆရာ ဆရာမများ၊ တက္ကသိုလ် ကောလိပ်ဆရာ ဆရာများအတွက် (အထူးမွမ်းမံသင်တန်း များအားရပ်စဲခြင်း) တို့ဖြစ်ကြောင်း။

 

နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိ

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်နိုင်ရေးကိစ္စအတွက် ပြင်ဆင်ရမည့် ပုဒ်မများမှာ ပုဒ်မ ၅၈ မူလက “ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း အငြိမ်းစား ယူနိုင်ခွင့် ရှိသည့် လုပ်သက်ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့် ရှိသည် အစား “ဝန်ထမ်းသည် အငြိမ်းစားယူရမည့်အသက် မပြည့်သေးသော်လည်း လုပ်သက် နှစ် ၃၀ ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည် ဟူ၍ ဖြစ်ကြောင်း၊ ပုဒ်မ ၆၂ အနေဖြင့် မူလက “အသက် ၅၅နှစ် ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် အငြိမ်းစားယူနိုင်ခွင့် ရှိသည့် လုပ်သက် နှစ် ၃၀ ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့် တောင်းခံလာပါက ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းပယ်ခြင်း မပြုရ ဆိုတဲ့စကားရပ်အစား “ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင် ခံစားခွင့်တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ ဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထောက်ပံ့ကူညီရေးဖွင့်လှစ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်တို့က ရက်ပေါင်း ၁၀၀ အတွင်း လုပ်ငန်းစဉ် ၁၃ ခု ချမှတ်ခဲ့ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခြောက်ခု ပါဝင်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနနှစ်ခုကို ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွင့်လှစ်ရန်ဆောင်ရွက်ခဲ့ပြီး ပုသိမ်မြို့၌ ဇူလိုင် ၁၆ ရက်နှင့် စစ်တွေမြို့၌ ဇူလိုင် ၂၉ ရက်တို့တွင် ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း။

 

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့ ပူးပေါင်း၍ မြဝတီ၊ တာချီလိတ်နှင့် ထားဝယ်ဒေသတို့တွင် မြန်မာနိုင်ငံသား ၁၆၂ ဦးအား ပညာရှင် များဖြင့် သင်ကြားပို့ချပြီး ထိုင်းနိုင်ငံ သက်မွေးပညာအသိအမှတ်ပြု လက်မှတ်များရရှိစေရန် မော်တော် ဆိုင်ကယ် စက်ပြင်သင်တန်း အပါအဝင် ဒေသတွင်းလိုအပ်သည့် သင်တန်း ခြောက်မျိုးပေးပြီး အသိအမှတ်ပြုလက်မှတ်များထုတ်ပေး ခြင်းကို ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်နိုင်မည်

လုပ်သားများကျွမ်းကျင်မှုအလိုက် ဝင်ငွေတိုးတက်ရရှိ လာခြင်း၊ ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပါက ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာ-ထိုင်းနယ်စပ်တွင် စက်ရုံများ၊ လုပ်ငန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်အောင် ဆွဲဆောင်နိုင်မည်စသည့် အကျိုးကျေးဇူးများ မျှော်မှန်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း။

 

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card )  ထုတ်ပေးမှုမှာ ဩဂုတ် ၂၆ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်တွင် စုစုပေါင်း၇၉၅၇ ဦး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ၂၂၂၃ ဦး၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းဆောင်ရွက်မှုမှာ ဩဂုတ် ၂၆ ရက်အထိ လျှောက်လွှာလက်ခံရရှိမှု ၃၄၄၁ ဦး၊ မြို့နယ်မှ စိစစ်ပြီး ၃၁၇၆ ဦး၊ တိုင်းဒေသကြီး^ပြည်နယ်မှ စိစစ်ပြီး ၂၈၄၁ ဦး၊ ရုံးချုပ်သို့ တင်ပြမှု ၇၉၀ နှင့် ဗဟိုအဖွဲ့သို့ တင်ပြမှု ၁၈၇ဦး ရှိပါကြောင်း၊ အမည်မည်းစာရင်း (Black List)ပယ်ဖျက်မှုမှာ မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးရှိပြီး ကျန်ရှိသည့် အမည် မည်းစာရင်းတွင် နိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး၊ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့ ရှိပါကြောင်း ပြောကြားသည်။

 

ဥပဒေမူကြမ်း ၅၂ ခုကို အကြံပြုနိုင်

ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ဥပဒေမူကြမ်းများ စိစစ်အကြံပေးခြင်း လုပ်ငန်းတွင် ဥပဒေမူကြမ်း ၃၅ ခုအနက် ၃၀ ကို စိစစ်ပြီး ဥပဒေအကြံပြုနိုင်ခဲ့ပါကြောင်း၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း မူကြမ်းများအား စိစစ် အကြံပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပဒေမူကြမ်း ၅၅ ခုအနက် ဥပဒေ မူကြမ်း ၅၂ ခုကို ဥပဒေအကြံပြု နိုင်ခဲ့ပါကြောင်း။

 

ဥပဒေဘာသာပြန်ဆိုခြင်းတွင် ဥပဒေ ၃၈ ခုအနက် ၂၄ ခု ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပါကြောင်း၊ ဥပဒေနှင့် အညီ အကြံပြုဖြေကြားခြင်းများ ပြုလုပ်ရာတွင် ဥပဒေအကြံပြု ရှစ်ခုတွင် ခုနစ်ခုကို ဆောင်ရွက်ပြီးစီးခဲ့ ပါကြောင်း၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးများက ပေးပို့လာသည့် MoU, MoA,LoI အစရှိသည့် သဘောတူညီချက်များ စိစစ် အကြံပြုခြင်း လုပ်ငန်းပြီးစီးမှု အနေဖြင့် သဘောတူစာချုပ် ၁၃၀ ကို အကြံပြုနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် တင်ပြမည့် လျှောက်လဲချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြပြီးစီးမှု အခြေအနေမှာ စီမံချက်ကာလ အတွင်း သေဒဏ်အတည်ပြုမှု ခြောက်မှု၊ ရာဇဝတ်အယူခံမှု ၄၃ မှု၊ ရာဇဝတ်ပြင်ဆင်မှု ၆၅ မှု၊ ရာဇဝတ် အထွေထွေမှု တစ်မှု ဖြစ်ပါကြောင်း။

 

အချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရေး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တရားသေ လွှတ်မိန့်အယူခံမှုများ ကာလစည်းကမ်း သတ်မှတ်ရက် အတွင်း တင်သွင်းနိုင်ရေးအတွက် ရာဇဝတ်အယူခံမှု ၆၆မှုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှုများအချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်မှု ၂၆ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်းကို အတည်ပြုခြင်းနှင့် ပြင်ဆင်ခြင်းတို့အပေါ် စိစစ်ခြင်းလုပ်ငန်း ပြီးစီးမှု မှာ ၁၈၅၈ မှု ဖြစ်ပြီး အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ ဥပဒေ အကြံဉာဏ်ပေးခြင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများသို့ လမ်းညွှန်မှုဥပဒေ အကြံဉာဏ်ပေးခြင်းလုပ်ငန်းတွင် ပြီးစီးမှု ၂၁ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင် ပါကြောင်း။

 

ဥပဒေရုံးအဆင့်ဆင့်၏ ရက် ၁၀၀ စီမံချက် ဆောင် ရွက်ပြီးစီးမှုများမှာ ခြောက်လအထက် ကြန့်ကြာ မှုခင်း ပြီးပြတ်မှုစီမံချက်တွင် ၆၃၆၂ မှုကို ပြီးစီးခဲ့ပြီး အမှုများ ရုပ်သိမ်းခြင်းနှင့်စပ်လျဉ်း၍ ကြန့်ကြာမှု မရှိဘဲအမြန် ပြီးပြတ်စေရေးတွင် ၂၃၀၁ မှု ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများ  က ပြန်လည်ဖြေကြားကြသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက စာရင်း နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို မည်သည့် နည်းလမ်းများနှင့် ကြိုးစား ဆောင်ရွက်သွားမည်ကို သိရှိလို ပါကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာ တွင် စာရင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတော် ကဏ္ဍဟူ၍ ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီ များနှင့်ပတ်သက်၍ နိုင်ငံတကာ စာရင်းစစ်စံများ လက်ခံ ကျင့်သုံးရန်  ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းသည် လုပ်ငန်းသစ်မဟုတ်ပါကြောင်း၊ ယခင်ကတည်းက ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းများမှ ရေးဆွဲထား ပါကြောင်း၊ ကုမ္ပဏီများ၏ စာရင်းစံနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် အလွန်အားနည်းသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် စာရင်းစံ များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ နိုင်ငံတော်ကဏ္ဍတွင် ငွေသားစီးဆင်းမှုကို အခြေခံ၍ ဆောင်ရွက် နေပါကြောင်း၊ အဆိုပါ အခြေခံစနစ်မှ International Public Sector Accounting Standard တစ်နည်းအားဖြင့် ငွေသားစီးဝင်မှုနှင့် စီးထွက်မှုသာမက သက်ဆိုင်ရာအစိုးရဌာနများ၏  ပိုင်ဆိုင်မှုနှင့် အရှုံးအမြတ် အပါအဝင် ငွေသားစီးဆင်းမှုအဆင့်မှ စေ့ရောက်မှု အဆင့်ထိရောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် စတင်ဆောင်ရွက်သည့် အဆင့် ၌သာရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်သည့်အချက် အလက်များ တောင်းထားသည့်အဆင့်တွင် ရှိပါကြောင်း၊ ယခုဆောင်ရွက်မှုသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အကြီးအကျယ် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ် ပါကြောင်း၊ နိုင်ငံတကာတွင် ၎င်းလုပ်ငန်း ဆောင်ရွက်ရန် ရည်ရွယ်သည့် အဆင့်တွင် အတော်များများ ရှိပါကြောင်း၊ မိမိတို့အနေဖြင့် စတင် ဆောင်ရွက်နေခြင်းဖြစ်၍ မည်သည့်အချိန်တွင် ပြီးစီးမည်ကို ဖြေကြားနိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက တပ်မတော်မှ အရာရှိများကို အရပ်ဘက်သို့ ပြောင်းလဲခန့်အပ်ရန် ရှိ/မရှိနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် ဌာနတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်သည့် လုပ်ငန်းများရှိပါကြောင်း၊ တပ်မတော်မှ ဝန်ထမ်းအဖွဲ့အစည်းများသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်မှုများရှိသော်လည်း စိစစ်ဆောင်ရွက်မှုများ ပြုလုပ် ရသည့်အပြင် သက်ဆိုင်ရာဌာနက လက်ခံမှုရှိရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီမှုကိုလည်း လိုအပ်ပါကြောင်း၊ ဌာနများ တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု သည် ဆက်လက်ရှိမည်ဖြစ် သော်လည်း အကန့်အသတ် အများကြီးရှိပါကြောင်း ဖြေကြားသည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အနိမ့်ဆုံးလုပ်ခလစာ၊ ခုံသမာဓိကောင်စီတို့နှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် အနည်းဆုံး အခကြေးငွေကို ၂၀၁၄ ခုနှစ်က ငွေကျပ် ၃၆၀၀ သတ်မှတ်ထားပါကြောင်း၊ အနည်းဆုံး အခကြေးငွေသည် အလုပ်သမား၊ ပြည်သူ၏နေထိုင်စားသောက်မှု ကုန်ကျစရိတ်ကို အခြေခံပါကြောင်း၊ လောလောဆယ် ပြင်ဆင်ရန် မရှိသေးပါကြောင်း၊ ခုံသမာဓိ ကောင်စီတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုသည့် သုံးပွင့်ဆိုင် ဖွဲ့ထားပါကြောင်း ဖြေကြားသည်။

 

ပြည်ပအလုပ်အကိုင်ကိစ္စနှင့် ပတ်သက်၍ ဦးမျိုးအောင်က ဖြေကြားရာတွင် အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် အိမ်တွင်းအထောက်အကူလုပ်ငန်းများ လုပ်မည်ဆိုလျှင် ဟောင်ကောင်တွင် ဒေါ်လာ ၅၀၀  ကျော် ရပြီး စင်ကာပူသွားလျှင် ဒေါ်လာ ၄၀၀ ကျော်ရကြောင်း၊ ကိုယ့်နိုင်ငံထဲတွင် တချို့ဘွဲ့ရသူများ ထိုဝန်းကျင် မရရှိကြ ကြောင်း၊ ထို့အတွက် စဉ်းစားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလုပ်သမားအဖွဲ့များ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြေကြားရာတွင်အလုပ်သမားဥပဒေတွင် အတိအကျ ပြဋ္ဌာန်းထားရှိပါကြောင်း၊ အခြေခံအဖွဲ့ အစည်းပြီးလျှင် မြို့နယ်အဖွဲ့၊ ပြီးမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ရှိပါကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့်အဖွဲ့ရှိလျှင် အချိန်မရွေးပြောနိုင်ပါကြောင်း ဖြေကြားသည်။

 

အမှုများ အမြန်ပြီးပြတ်အောင် စစ်ဆေး

တိုင်ကြားစာနှင့် အသနားခံစာများကိစ္စ၊ အမှုများ အမြန်ပြီးပြတ်အောင်စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိ၊ မရှိနှင့်ပတ်သက်၍ မေးခွန်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ဖြေကြားရာတွင် တိုင်ကြားစာ၊ အသနားခံစာ များနှင့် ပတ်သက်ပြီး သမ္မတရုံး၊ အစိုးရအဖွဲ့ရုံးတို့က ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းပါကြောင်း၊ အမြန်ဆုံး နှစ်ရက်အတွင်းနှင့် နောက်အကျဆုံး တစ်ပတ်အတွင်း ပြန်ကြား ပေးပါကြောင်း။

 

ပြစ်မှုနှင့်ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေအရ ခြောက်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဆိုသည့် ညွှန်ကြားချက် ရှိပါကြောင်း၊ သို့သော် အမှုတစ်မှု ဖြစ်ခဲ့လျှင် Process တွေ အများကြီးရှိပါကြောင်း၊ စစ်ဆေးသည့်ကိစ္စတွင်လည်း ဥပဒေနှင့်အညီ စစ်ဆေးရပါကြောင်း၊ တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ တရားရုံးများ၏ ဆောင်ရွက်ချက်ကြောင့်သာမဟုတ်ဘဲ ဖြစ်ပေါ်နေသည့် ပြစ်မှုဆိုင်ရာစစ်ဆေးသည့် နည်းလမ်းများတွင် ဥပဒေအရ ခံစားခွင့်များကို ကြားဖြတ်အမိန့်များ ရှိသည့် အတွက်ကြောင့်လည်း ကြန့်ကြာနိုင်ပါကြောင်း ဖြေကြားသည်။