မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၇) ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၅

ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၇) ကို ယနေ့ ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲချက်အမျိုးမျိုး၊ ကောလာဟလအမျိုးမျိုးတို့သည် အမှန်တကယ် မြေပြင်အခြေအနေများနှင့် ကွဲပြားခြားနားစွာ ပေါ်ထွက်လာမှုများရှိနေကြောင်း၊ သို့ဖြစ်၍ မောင်တောဒေသ၏ အခြေအနေမှန် များကို သိရှိစေရန် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ဇန်နဝါရီ ၃ ရက်တွင် တင်ပြပြီး အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ကြောင်း၊ ဆက်လက်ပြီး မိမိတို့ ကော်မရှင်အနေဖြင့် လိုအပ်သော စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ပြီး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို သတ်မှတ် အချိန်ကာလအတွင်း ပြီးစီးအောင် ပြုစုရေးသားသွားရမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာ၌ ပြည့်ပြည့် စုံစုံမှန်ကန်မျှတစွာရေးသားရန် တာဝန်ရှိကြပါကြောင်းပြောကြားသည်။

 

ထို့နောက် ကော်မရှင်၏ (၃/၂၀၁၆) အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းကို အတည်ပြုကြသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်းက မောင်တောဒေသအတွင်း အကြမ်းဖက်ဖြစ်စဉ်ဖြင့် အမှုဖွင့်အရေးယူထားရှိမှုများ၊ မောင်တောဒေသအတွင်း မူးယစ်ဆေးဝါး တိုးတက်များပြားစွာ ဖမ်းဆီးရမိမှုအခြေအနေများနှင့် မောင်တောဒေသဖြစ်စဉ်များ၏ ဆက်စပ်နိုင်မှုကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက အစီရင်ခံစာ ရေးသားပြုစုပြီးစီးမှု အခြေအနေ များ၊ ထပ်မံဖြည့်စွက်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက၊ အငြိမ်းစားသံ အမတ်ကြီး ဦးလှမောင်က မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်နှင့်အညီ မိမိတို့ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လှည့်လည်ကွင်းဆင်း၍ ဘာသာရေးခေါင်းဆောင်များနှင့် ထိတွေ့ ဆွေးနွေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သို့လည်း မိမိတို့အဖွဲ့အနေဖြင့် သွားရောက်ထိတွေ့နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၌ ပဋိပက္ခဖြစ်ရခြင်း၏ အကြောင်းရင်းများစွာအနက် အဓိက အကြောင်းတစ်ရပ်မှာ စီးပွားရေးမဖွံ့ဖြိုးမတိုးတက်ဘဲ လူနေမှုအဆင့်အတန်း နိမ့်ကျနေခြင်းပင် ဖြစ်ကြောင်း၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ နားလည်မှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်နိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆပါ ကြောင်း စသည်ဖြင့် အကြံပြုဆွေးနွေးသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင်များက မောင်တောဒေသ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။