ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့၏ နိုင်ငံတော်အစိုးရသို့တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာအကြံပြုချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း

Printer-friendly versionSend by email

ရန်ကုန် မတ် ၁၆

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံး၏ လူမှုဘဝပိုမိုကောင်းမွန်လာရေးအတွက် အကြံပြုချက်များ အဆိုပြုနိုင်ရန် မြန်မာနိုင်ငံအစိုးရက တာဝန်ပေးထားသည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့၏ အစိုးရသို့တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာအကြံပြုချက်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ခဲ့သည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲသို့ အကြံပေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်သည့် ဒေါက်တာသာလှရွှေ (မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနာယက)၊ ဦးအေးလွင်(ငြိမ်းချမ်းမေတ္တာ အဖွဲ့ တည်ထောင်သူ)၊ Ms.Laettia van den Assum (နယ်သာလန်နိုင်ငံ၏ အထူးသံတမန် )၊ ဒေါ်စောခင်တင့် (ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းရန်ကုန်- ဥက္ကဋ္ဌ)၊ Mr.Ghassansalame (လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဟောင်း)၊ ဒေါက်တာမြသီတာ (သားဖွား၊ မီးယပ်ပညာအဖွဲ့ ဥက္ကဋ္ဌ)၊ ဦးဝင်းမြ(မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ)၊ ဦးခင်မောင်လေး (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်) တို့တက်ရောက်၍ နိုင်ငံတော်အစိုးရသို့ ပထမဦးဆုံး တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

သတင်းစာရှင်းလင်းပွဲတွင် Mr.Ghassansalame က ကိုဖီအာနန် တင်ပြသည့် ကြားဖြတ် အစီရင်ခံစာတွင် ကော်မရှင်ကိုယမန်နှစ်ကစတင်ဖွဲ့စည်းခဲ့ကြောင်း၊ စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ကော်မရှင် အဖွဲ့၏ လုပ်ထုံးလုပ်နည်းများအတိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တကယ့်အဖြစ်အပျက် အနေအထားများကိုကြည့်ရှုရန် ရည်ရွယ်ထားကြောင်း၊ ရရှိလာသည့် တွေ့ရှိချက်များကို ဩဂုတ်လ မတိုင်ခင် နောက်ဆုံးအပြီးသတ် အစီရင်ခံစာအနေဖြင့် တင်သွင်းသွားရန် ရှိပါကြောင်း၊ သို့သော်လည်း အစိုးရအနေဖြင့် အရေးတကြီး ဆုံးဖြတ်ရမည့်ကိစ္စရပ်များအတွက် ကြားဖြတ်အစီရင်ခံစာကို ယခုကဲ့သို့ စီစဉ်တင်သွင်းခြင်းဖြစ်ကြောင်း၊ ယခုအစီရင်ခံစာတွင် အကြံပြုချက်ပေါင်း ၃ဝ ပါဝင်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အစိုးရသို့တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာအကြံပြုချက် ၃ဝ အား ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်က ဖတ်ကြားထားသည့် ဗီဒီယို ကလစ်ကို ပြသသည်။

 

ဆက်လက်၍ Mr.Ghassansalame က အစီရင်ခံစာတွင် ပါဝင်သည့် အကြံပြုချက်အကျဉ်းချုပ်ကို တက်ရောက်လာကြသူများအား ရှင်းလင်းပြောကြားသည်။

 

အကြံပြုချက်အကျဉ်းချုပ်တွင် လူသားချင်းစာနာထောက်ထားမှုအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်း များ အားလုံးသည် ပြဿနာဖြစ်ပွားနေသည့် ဒေသအပါအဝင် ဒေသများအားလုံးသို့ အကန့်အသတ်မရှိ သွားရောက်ရန် တိုက်တွန်းအကြံပြုထားကြောင်း၊ ပြည်တွင်းပြည်ပ သတင်းဌာန များကိုလည်း အဆိုပါ ဒေသများသို့ သွားရောက်ခွင့်ပြုရန် နိုင်ငံတော်အစိုးရထံ တောင်းဆိုပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု အစွပ်စွဲခံထားရသူများနှင့် ကျူးလွန်ထားသူများအား တာဝန်ခံခိုင်းရန် လိုအပ်ကြောင်း၊ ဒုက္ခသည်များအား မိမိတို့သဘောဆန္ဒအလျောက် မိမိတို့နေရပ်သို့ ပြန်ချင်ပါက စေလွှတ်ပေးနိုင်ရန် အတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အကြံပြုပါကြောင်း၊ ရခိုင်မြောက်ပိုင်းဒေသတွင် ရှိနေသည့် တရားမဝင်ကုန်သွယ်မှုများကို တားဆီး နှိမ်နင်းရန်၊ တရားဝင် ကုန်သွယ်ရေးများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒများ ပပျောက်ရေး ဖြေရှင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ငါးနှစ်စီမံကိန်းတစ်ရပ် အမြန်ဆုံးဆောင်ရွက်၍ ထုတ်ပြန်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စများ အညီအမျှရရှိရေး ဆောင်ရွက်သွားရန် လိုကြောင်း။

 

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် သင်တန်းများပေးရန်လိုကြောင်း၊ ရခိုင် ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသတွင်ရှိနေသော ဒေသခံများနှင့် လိုက်လျောညီထွေဖြစ်သည့် ဖွဲ့စည်းပုံမျိုးဖြစ်ရန် တိုက်တွန်းထားကြောင်း၊ အဆိုပါ ဒေသတွင် နေထိုင်သူများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်နှင့် နိုင်ငံသားအခွင့်အရေးများရရှိရန် ဆောင်ရွက်သွားသင့်ကြောင်း၊ နိုင်ငံသား အခွင့်အရေးဆိုသည်မှာ လွတ်လပ်စွာသွားလာခွင့်၊ ရွှေ့ပြောင်း ခွင့်နှင့် လူ့အခွင့် အရေးများပါဝင်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မဟာဗျူဟာတစ်ရပ်ချမှတ်၍ နိုင်ငံသား စိစစ်ရေးကိစ္စရပ်များကို အလျင်အမြန်ဆောင်ရွက်ရန် အကြံပြုထားကြောင်း။

 

တိုင်တန်းမှုများရှိလာပါက တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းသွားရန်လိုကြောင်း၊ ကိုင်တွယ်ဖြေရှင်းရာ တွင် အဖွဲ့အစည်းအသစ်ဖွဲ့၍ဖြေရှင်းရန်လိုပါကြောင်း၊ မွေးဖွားမှုမှတ်ပုံတင်ရာတွင် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် အကြံပြုကြောင်း၊ အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြသူများ၏စခန်းများ ရခိုင်ပြည်နယ်တွင်ရှိနေပြီး အဆိုပါစခန်းများပိတ်သိမ်းရန်လိုအပ်ပြီး မဖြစ်မနေ ပိတ်သိမ်းရမည့် စခန်းသုံးခုရှိကြောင်း၊ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ရခိုင်ဒေသတွင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် အပြန်အလှန် တွေ့ဆုံစကားပြောကြား၍ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက် ပေးရန်လိုကြောင်း၊ အရေးတကြီး လုပ်ဆောင်ချက်အနေဖြင့် အမုန်းစကားဖြင့် သွေးထိုးလှုံ့ဆော်သူများအား အရေးယူရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား စဉ်ဆက်မပြတ် ပြောဆို ဆွေးနွေးရန်လိုအပ်ကြောင်း စသည်တို့ပါဝင်သည်။

 

ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များသည် ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် မြန်မာအစိုးရအနေဖြင့် လတ်တလောအကောင် အထည်ဖော်နိုင်မည့် အဆင့်များနှင့် ရေရှည်ဆောင်ရွက် သွားသင့်သည့် အကြံပြု ချက်များပါဝင်သည်။

 

သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များက မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားကြသည်-

 

မေး။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သူတို့သတင်းသွားရောက်ရယူတဲ့ အခါမှာ ခွင့်မပြုခဲ့ပါဘူး။ အတားအဆီး မရှိဘဲ အပြည့်အဝ သွားလို့ရအောင် ကော်မရှင်ကတင်ပြထားတဲ့အပေါ်မှာ ဘယ်တော့ လောက် ဖြစ်နိုင်မှာပါလဲ။

 

ဖြေ။ ။ ဒီကိစ္စက မြန်နိုင်သလောက် အမြန်ဆုံးဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကော်မရှင် အနေနဲ့လည်း အကြံပြုချက်တွေကို တင်သွင်းတော့မှာဖြစ်ပါတယ်။ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စကတော့ သတင်းဌာနတွေက မီဒီယာတွေအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ရရှိသင့်ပါ တယ်။

 

မေး။ ။ အစီရင်ခံစာက တင်ပြီး သွားပြီလား။ တင်ပြီးပြီဆိုရင်လည်းဘယ်ဌာနကို တင်ထားပါသလဲ၊ ဘယ်နေ့ဘယ်ရက်က တင်ပါသလဲ၊ ဒါကိုလက်ခံရရှိတဲ့သူကကော ဘယ်လိုဆက်လက် ဆောင်ရွက် သွားမယ်လို့ ပြောပါသလဲ။

 

ဖြေ။ ။ ဒီကော်မရှင်ကို ဖွဲ့စည်းပေးလိုက် တာကတော့ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ပထမ စတင်ပြီး လုပ်ဆောင်တဲ့နေ့ကတည်းက ဒီကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်နေသူတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။ အဲဒီအထဲမှာ ဘာတွေပါဝင်လဲဆိုရင် လုံခြုံရေးအတွက် ဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေ တစ်နည်းအားဖြင့် တပ်မတော်အပါအဝင် လုံခြုံရေးဆောင်ရွက် နေသူတွေအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုအဆင့်မှာဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်တွေအားလုံးနဲ့ တွေ့ဆုံ နေပါတယ်။ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးနဲ့တွေ့ဆုံနေပါတယ်။ ရခိုင် ပြည်နယ်အနေနဲ့ ပြောမယ်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်သူအရပ်သားတွေ၊ ရခိုင်ပြည်နယ် အစိုးရအပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့အပါအဝင် ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံလျက် ရှိနေပါတယ်။ အလုပ် လုပ်နေပါတယ်။ ယဉ်ကျေးမှုသဘောအရ ဝတ္တရားရှိတဲ့အတိုင်း ပြောရမယ် ဆိုရင်တော့ အားလုံးသော တာဝန်ရှိသူတွေလက်ထဲကို ကျွန်တော်တို့ရဲ့ အဓိကအစီရင်ခံစာကိုပေးပို့ပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ တပ်မတော်လည်း ပါဝင်နေသလို အရပ်ဘက်ကပုဂ္ဂိုလ်တွေလည်းပါဝင်နေပါတယ်။ ဒီကော်မရှင်ဟာ မှီခိုမှုကင်းရှင်း လွတ်လပ်တဲ့ကော်မရှင်ဖြစ်ပါတယ်။ ဒါကြောင့် တစ်နည်းအားဖြင့် ဘယ်သူ့ကိုမှ ကြောက်မနေရသော ကော်မရှင် ဖြစ်ပါတယ်။ အဲဒီလိုကော်မရှင်ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီလိုတင်သွင်းပြီးတဲ့ အခါမှာ ဘာကိုမှပြုပြင်ပြောင်းလဲဖို့ အကြောင်းမရှိပါဘူး။ မစ္စတာ ကိုဖီအာနန် အပါအဝင် ကော်မရှင်အဖွဲ့ဝင်တွေအားလုံးက မျှော်လင့်နေတာကတော့ နိုင်ငံတော်အစိုးရ နဲ့တကွ အစိုးရနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှာပါဝင်နေသူတွေအားလုံး တင်ပြခဲ့တဲ့ အကြံပြုချက်တွေ အတိုင်း လေးစား လိုက်နာစွာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။

 

မေး။ ။ အိုးပစ်အိမ်ပစ် ထွက်ပြေးရသူများရဲ့ စခန်းသုံးခုပိတ်သိမ်းဖို့ အကြံပြုထားတယ်လို့ဆိုတဲ့ အပေါ်မှာ ဘာတွေများတွေ့ရှိလို့ အဲဒီလိုပိတ်သိမ်းရတာပါလဲ။

 

ဖြေ။ ။ အဲဒီစခန်းသုံးခုသာမကရှိရှိသမျှ အိုးပစ်အိမ်ပစ် ထွက်ပြေးကြသူ များစခန်းတွေအားလုံးဟာ တစ်နေ့မှာတော့ ပိတ်သိမ်းရမှာပဲဖြစ်ပါတယ်။ ပိတ်သိမ်းဖို့လည်းလိုအပ်နေတာတွေ ရှိပါတယ်။ တချို့ဆို ဖွင့်သာဖွင့်ထားတာ တကယ်တော့ ရွာနဲ့ ကိုက်အနည်းငယ်အကွာမှာ နေနေကြတာပါ။ အားလုံး ပေါင်းလိုက်ရင် စုစုပေါင်းလူပေါင်းတစ်သောင်းကျော်လောက်ဟာ အဲဒီလိုစခန်း တွေမှာနေနေကြတာ ဖြစ်ပါတယ်။ အဲဒီထဲကမှ သုံးခုကိုပြောရရင် ကမန်မိသားစု ၅၅ ဦးလောက်ရှိတဲ့ နေရာရယ်၊ မွတ်စလင်မိသားစု ၂၁၅ စုလောက်ရှိတဲ့ နေရာတစ်နေရာ၊ ရခိုင်မိသားစု ၆၅ စုလောက်နေထိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ အဲဒီသုံးခုကတော့ သူတို့နေရပ်ကို ပြန်ပို့မယ်ဆိုရင် အများကြီး အဆင်ပြေမှာ ဖြစ်တဲ့အတွက်ကြောင့် တစ်ဆင့်ချင်းသွားတဲ့အခါမှာ အဲဒီသုံးခုကို စတင်ပြီးလုပ်ဆောင်တာ ဖြစ်ပါတယ်။ ပြန်ပို့တယ်ဆိုတဲ့အခါမှာ သူတို့လည်း ပြန်သွားရမှာမကြောက်အောင် သူ့တို့ ရောက်သွားပြီးမှ ပတ်ဝန်းကျင် အနီး အနားက စိုးရိမ်ထိတ်လန့်မှုတွေ မရှိဘူးဆိုရင် ပြန်သွားလို့ရမယ့် အနေအထားမျိုးပဲ ဖြစ်ပါတယ်။

 

မေး။ ။ ရဲတပ်ဖွဲ့ကို သင်တန်းပေးမယ် ပြောထားပါတယ်။ သင်တန်းပေးမယ်ဆိုတာ ဘယ်လိုတွေများ ပေးမှာပါလဲ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ခေါ်ဖို့ ရှိပါသလား။

 

ဖြေ။ ။ ရဲနဲ့ပတ်သက်ပြီး အပိုင်းသုံးပိုင်းရှိပါတယ်။ တစ်ပိုင်းကရဲတပ်ဖွဲ့ ဖွဲ့စည်းပုံပါပဲ။ အဲဒီဒေသအတွင်း မှီတင်းနေထိုင်ကြတဲ့သူတွေကို ကိုယ်စားပြုမှု တွေထိုက်သင့်သလို ပါဝင်သင့်ပါတယ်။ ဒုတိယအချက်က သူတို့ကိုလူ့အခွင့် အရေးနဲ့ပတ်သက်ပြီး လေးစားလိုက်နာတတ်အောင် သင်တန်းတွေပေးဖို့ လိုပါတယ်။ အခုလိုပြောတာက ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက် နေတယ်လို့ ပြောတာမဟုတ်ပါဘူး။ နောက်တစ်ခုက အဲဒီဒေသမှာ ဖြစ်နေတာက လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ပိတ်ပင်ထားသလို ဖြစ်နေတယ်။ တမင်ပိတ် နေတာမျိုးမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်သွားနိုင်ရင် ကောင်းပါလိမ့်မယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ကိုခေါ်ဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြည်တွင်းစစ်လို နှစ်ဖက် အကြီးအကျယ်ဖြစ်နေတာမျိုးမှ လုပ်ကြတာပါ။ လုံခြုံရေးကောင်စီရဲ့ သဘောတူညီခွင့်ပြုချက်တွေ လိုပါတယ်။ နိုင်ငံတော်အနေနဲ့ ဒါမှမဟုတ် တာဝန်ရှိသူတွေအနေနဲ့ အားလုံးကသာလျှင် အခုတင်ပြတဲ့ အကြံပြုချက်တွေကို အဆောတလျင်လုပ်ဆောင်ကြမယ်။ လေးစား လိုက်နာသွားမယ်ဆိုရင် အဲဒီလောက် ဝေးဝေးအထိ သွားစရာမလိုပါဘူး။ ပြဿနာကြီးကြီးမားမား ရှိမနေပါဘူး။ ငြိမ်းချမ်းရေးတပ်ဖွဲ့ကြီး ခေါ်လောက်အောင် မလိုအပ်ပါဘူး။

 

မေး။ ။ အစီရင်ခံစာထဲမှာပါသလို ရခိုင်ပြည်နယ်မှာမြောက်ပိုင်းမှာနိုင်ငံသား ဖြစ်ခွင့်သတ်မှတ်ပေးဖို့ တိုက်တွန်းထားတော့ လူပေါင်းဘယ်လောက်လိုအပ်တာလဲ။

 

ဖြေ။ ။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ထောင်ပေါင်းများ စွာသောသူတွေဟာ သူတို့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စာရွက်စာတမ်းမရှိပါဘူး။ နောက်မွေးစာရင်းလည်းမရှိပါဘူး။ ဒါကြောင့် ဒါတွေကို စိစစ် ဆောင်ရွက်ဖို့ လိုပါတယ်။ နောက် နယ်စပ်ကို ဖြတ်ကျော်တဲ့ ကိစ္စမရှိတော့ပါဘူး။ လောလောဆယ်မှာ နယ်စပ်ကိုပိတ်ထားလို့ပါ။ ဒါကိုလည်း အမြန်ဆုံးပြန်ဖွင့်စေချင်ပါတယ်။ ဒါကလည်းဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြားမှာ တရားဝင်ကုန်သွယ်ရေး ဆက်လက်ဖြစ်ထွန်းဖို့ပါ။ အဲဒီလိုဖြစ်ထွန်းမှ နှစ်နိုင်ငံ အကြား အကျိုးရှိမှာပါ။ စိစစ်ရေးလုပ်ငန်းများကိုဆောင်ရွက်ဖို့ နိုင်ငံသားပြုသင့်တဲ့သူကို ပြုပေးဖို့ လိုအပ်ပါတယ်။ ဒါကိုမဟာဗျူဟာချပြီး အမြန်ဆုံးလုပ်ဆောင်ဖို့ ပြောကြားပါတယ်။ နိုင်ငံသား ပြုခွင့်ရခဲ့ရင် နိုင်ငံသားပိုင်အခွင့်အရေးများပါရရှိအောင် ဆောင်ရွက် သင့်ပါတယ်။ အဖေ၊ အမေကို စစ်ဆေးပြီးစီးပါက သားသမီးကိုဆက်လက် စစ်ဆေးဖို့ မလိုတော့ပါဘူး။

 

မေး။ ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ရခိုင်ပြည်နယ် ဆန္ဒပြမယ် ကြားနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဥပဒေက နိုင်ငံတကာ အမြင်အရ ပြီးပြည့်စုံမှုရှိပါသလား။

 

ဖြေ။ ။ လူသားတွေလုပ်ဆောင်တဲ့အရာမှာ ဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဥပဒေ ပြင်ဆင်ဖို့ တာဝန်က အကြံပေးကော်မရှင်ရဲ့ တာဝန်မဟုတ်ပါဘူး။ နိုင်ငံတော်အနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေ ပိုဆိုး မသွားအောင် တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြံပေးခြင်း ကိစ္စကိုသာ ဆောင်ရွက်ပါတယ်။

 

မေး။ ။ ကော်မရှင်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ပြီးအဲ့ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေ၊ တာဝန်ရှိသူတွေနဲ့တွေ့ခဲ့တာနဲ့ပတ်သက်ပြီးသိလိုပါတယ်။ နောက်တစ်ခုက ကုလသမဂ္ဂက ဒုက္ခသည်တွေ ပြောထားတာနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ထားတာရှိပါတယ်။ အဲဒါကဘယ်လောက်အထိ မှန်ကန်ပါသလဲ။

 

ဖြေ။ ။ ကော့ဘဇားမှာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်က တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပါတယ်။ လူသားချင်း စာနာမှု အရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း တွေနဲ့လည်းတွေ့ပါတယ်။ အားလုံးနဲ့ စကား ပြောပါတယ်။ ဒါပေမဲ့ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးတာမဟုတ်ဘဲတွေ့ဆုံတယ်။ တွေ့ရှိချက် တွေနဲ့ ပတ်သက်ပြီး အစိုးရကိုအကြံပဲ ပြုတာပါ။