အမည်မသိလူ ၁၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့် မောင်နှမကျေးရွာမှ အဒူဆူဝမ်း သေဆုံးလျက်ပြန်လည်တွေ့ရှိ

Printer-friendly versionSend by email

 

ဇူလိုင် ၁၆၊ ၂၀၁၇

ဘူးသီးတောင်မြို့နယ် ငရန့်ချောင်းကျေးရွာအုပ်စု မောင်နှမကျေးရွာနေ အဒူဆူဝမ်း ၅၅ နှစ်သည် ဇူလိုင် ၄ ရက် နံနက် ၁နာရီတွင် နေအိမ်၌ မိသားစုနှင့်အိပ်ပျော်နေစဉ် မျက်နှာဖုံးအနက်များ ဝတ်ဆင်ထားသည့် အမည်မသိလူ ၁၅ ဦးခန့်က နေအိမ်အတွင်း ဝင်ရောက်ပြီး အဒူဆူဝမ်းအား ဓားဖြင့်ထိုးပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုသတင်းအား ထုတ်ပြန်ထားပြီးဖြစ်သည်။

ငရန်႔ချောင်းကျေးရွာနေ လောင်းလှေသမား မာမောက်တူဟဲရ် သည် ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ် ကုလားပန်းဇင် ချောင်းစပ်၌ ရေမျောသောင်တင်နေသော အလောင်း ၁ လောင်းတွေ့ရှိကြောင်း တောင်ဘဇာနယ်မြေစခန်းသို့ သတင်းပို့ခဲ့သည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအလောင်းတွင် ဦးခေါင်းမရှိ၊ ဝဲလက်ဆစ်၊ခါးဆစ်၊ဝဲယာခြေသလုံး၊ဝဲပုခုံး တို့တွင် ပြတ်ရှဒဏ်ရာများ၊ ယာနံရိုးနှင့် ကျောကုန်းထိုးသွင်းဒဏ်ရာများဖြင့်တွေ့ရှိရပြီး တောင်ဘဇာတိုက်နယ် ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

သေဆုံးသူမှာ အဒူဆူဝမ်းဖြစ်ကြောင်း ဇနီးဖြစ်သူ မဟာလေဒါ ၏ ပြောပြချက်အရသိရှိရပြီး အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)