အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများအား သွားရောက်ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာသား ၆၀၀ ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက်၊ ရဲတပ်ဖွဲ့ ရွာတွင်း၊ တပ်မတော် အပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက်ရှိ

Printer-friendly versionSend by email

 

အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများအား သွားရောက်ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာသား ၆၀၀ ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက်၊ ရဲတပ်ဖွဲ့ ရွာတွင်း၊ တပ်မတော် အပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက်ရှိ

 

ဩဂုတ် ၄ ၊ ၂၀၁၇

 

ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများကို သွားရောက် ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာအတွင်းရှိ လူ ၆၀၀ ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့ကရွာတွင်းဝင်ရောက်ပြီး တပ်မတော်ကအပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးဥက္ကာအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၅ ဦးတို့သည် ယနေ့ နံနက် ၇ နာရီက ဘူးသီးတောင်မြို့နယ် နယ်မြေ(၁၁) အောက်နန်းရာ ကျေးရွာအတွင်းမှ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေး သည့် တရားခံ ၆ ဦးအား ဖမ်းဆီးခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအားခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် ရွာတွင်းမှ လူစုလူဝေးများ ဖြင့် အော်ဟစ်ဆူညံကာ ဝိုင်းရံလာသဖြင့်  လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့်  ၁၅ ချက် ခန့်  ခြောက်လှန့် ပစ်ခတ်စဉ် တရားခံ(၆)ဦးအနက်မှ အဒူစောဘူအပါအဝင်(၂)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

 

ဖမ်းဆီးခဲ့သည့် တရားခံ ၆ ဦးအနက်မှ  နာဆာရူလာ (၃၀) နှစ် ၊ ဟိုင်ဘိုဆောင်း (၂၄) နှစ်၊ အာမိန် ဟူဆောင်း(၁၉) နှစ် နှင့် ရာမောက်ဒူလာ(၅၀) နှစ်တို့ (၄) ဦးကိုသာ  ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ ၄ ဦး နှင့်အတူ အောက်နန်းရာရွာ စာသင်ကျောင်းသို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိပြီး ခေတ္တရပ်နားစဉ် စာသင်ကျောင်းအား ကျေးရွာအတွင်းရှိ လူစုလူဝေး ၃၀၀ ကျော် ခန့် မှ ထပ်မံဝိုင်းထားပြီး ကိုက် ၅၀  ခန့် အထိ အနီးကပ်တိုးဝင်လာခဲ့ပြီး လောက်လေးဂွ၊ ဂျင်ကလိ၊ တုတ်၊ ဓားများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် အချက် ၄၀၊ ၅၀  ခန့်  လူအုပ်အပေါ်မှ ကျော်ကာ ထပ်မံ၍ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်။

 

 

ရဲတပ်ဖွဲ့ဝင်များအား  ၎င်းလူအုပ်စုကြီးမှ ရွာ၏ အနောက်ဘက် စေတီပြင်-အငူမော်သွားကားလမ်းအထိ လိုက်လံ တိုက်ခိုက်ခဲ့သဖြင့် ရဲမှူးဥက္ကာအောင်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ထိုးဖောက်၍ ဆက်လက် ထွက်ခွာခဲ့ရာ နံနက် ၈ နာရီ မိနစ် ၅၀ တွင် သာယာကုန်းကျေးရွာသို့ ရောက်ရှိကြသည်။

 

 ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံ  ၂ ဦး ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် အောက်နန်းရာ ကျေးရွာ အတွင်း ဝင်ရောက်ရှာဖွေရှင်းလင်းလျက်ရှိပြီး  တပ်မတော်စစ်ကြောင်းများမှ ကျေးရွာ အပြင်ဘက်မှ နေ၍  ပိတ်ဆို့ရှာဖွေ ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)