[တောင်တွင်းကြီးမြို့ ဖြစ်စဉ်အသေးစိတ် - ၁] တောင်တွင်းကြီးမြို့နယ်တွင် လူအုပ်စုဖြင့် ဝိုင်းအုံမှု ဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်၊ ဖမ်းဆီးမှုများ ဆောင်ရွက်

Printer-friendly versionSend by email

နေပြည်တော်၊ စက်တင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အုန်းတော(၁) ရပ်ကွက်၊ တောင်တွင်း-မကွေး မော်တော်ကားလမ်း ပေါ်ရှိ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်အား လူငယ် ၅၀ ဦးခန့် (စိစစ်ဆဲ)က ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော်သီချင်းသီဆို၍ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွါသွားကြောင်း သတင်းရရှိသဖြင့် ည ၈ နာရီ ၅ မိနစ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်မော် ဦးစီး ရဲတပ်ဖွဲ့ဝင် အင်အား (၆+၄၀) ဦးက ဗလီအား ပိတ်ဆို့ ကာကွယ်ခဲ့ရသည်။

 

ည ၉ နာရီခန့်တွင် ဗလီ၏မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်တွင် လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် လူ ၇၀ ဦးခန့်သည်လည်းကောင်း၊ ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်မှ လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးခန့်သည်လည်းကောင်း စုဝေးရောက်ရှိလာ၍ မြို့နယ် အုပ်ချုပ်ရေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးစီး လုံခြုံရေးအဖွဲ့များက လူစုခွဲရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးသော်လည်း လူစုမခွဲသဖြင့် ညာသံပေးပြီး ဒိုင်းများဖြင့် တွန်းထုတ်ခဲ့ရသည်။ ထိုသို့ ရဲတပ်ဖွဲ့ဝင်များက စနစ်တကျ လူစုခွဲခဲ့ရာ ည ၉ နာရီခွဲတွင် လူစုခွဲ၍ ထွက်ပြေးသွားခဲ့သည်။

 

ဖြစ်စဉ်တွင် ထိခိုက်မှု မရှိခဲ့ဘဲ ခဲဖြင့် ပစ်ပေါက်သည့်အဖွဲ့မှ မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း(၃၀)နှစ် (အဖ) ဦးဖိုးထောင်အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူအား စစ်ဆေးလျက်ရှိပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

 

ည ၉ နာရီ ၄၀ မိနစ်တွင် တောင်တွင်းကြီးမြို့ အမှတ်(၇)လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးနေမျိုးဦး ဦးစီး အင်အား (၁+၂၀) လာရောက်ပူးပေါင်း၍ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းကာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့သည်။

 

အလားတူ တောင်တွင်းကြီးမြို့ လုံခြုံရေးအား ပူးပေါင်း ဆောင်ရွက်ရန် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ထွန်း ဦးစီး အင်အား (၅+၂၅) ဦးသည် ည ၉ နာရီ ၁၀ မိနစ်တွင် မကွေးမြို့မှ ထွက်ခွါလာပြီး တောင်တွင်းကြီးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပါဝင်ပတ်သက်သူများ ရှာဖွေ ဖမ်းဆီးရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

 

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိရာ ဆူပူမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ထုတ်ပြန်ထားပြီး ဖြစ်သည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်၍ ကူညီကြပါရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)