[တောင်တွင်းကြီးမြို့ ဖြစ်စဉ်အသေးစိတ် - ၂] တောင်တွင်းကြီးမြို့ ဆူပူမှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိ ၊ ကျန်ရှိသူများ ဆက်လက်ဖော်ထုတ်၊ ဥပဒေနှင့်အညီ အရေးယူမည်

Printer-friendly versionSend by email

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

တောင်တွင်းကြီးမြို့ အုန်းတော ၁ ရပ်ကွက် တောင်တွင်းကြီး - မကွေး ကားလမ်းမပေါ်ရှိ နေအိမ်အား ယမန်နေ့ ညပိုင်းက မျက်နှာတွင် နှာခေါင်းစည်းပါ လူငယ် ၅၀ ခန့် (စိစစ်ဆဲ) မှ ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော်သီချင်း သီဆိုကြွေးကြော်ကာ ရွှေကြာအင်း (၁) ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်း။

 

အဆိုပါအဖွဲ့သည် ည ၈ နာရီခန့်တွင် မကွေး-တောင်တွင်းကြီး ကားလမ်း ရွှေကြာပင် (၂) ရပ်ကွက်ရှိ ဗလီတံခါးကို လည်းကောင်း၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းကားလမ်းဘေးရှိ သမာအာဇီ၀ စတိုးဆိုင် ကိုလည်းကောင်း၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ ကြောင်း။

 

ဖြစ်စဉ်များကြောင့် ည ၉ နာရီခန့်တွင် ဗလီ၏ မြောက်ဘက် မကွေး-တောင်တွင်းကြီး ကားလမ်းမပေါ်၌ လေးခွများ၊ ကျောက်ခဲများကိုင်ဆောင်ထားသည့် လူ(၇၀) ခန့် ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်၌ လာရောက်ကြည့်ရှုသည့် လူ (၄၀၀) ခန့် စုဝေးလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် အသံချဲ့ စက်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း။

 

သို့သော် လူစုမခွဲသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညာသံပေးပြီး ဒိုင်များဖြင့် တွန်းထုတ်ခဲ့ရာ ၉ နာရီ မိနစ် ၃၀ ခန့်တွင် လူစုခွဲ ထွက်ပြေးသွားခဲ့ကြောင်း။ ခဲဖြင့်ပစ်ပေါက်သည့် အဖွဲ့မှ မောင်းတိုင် (၂) ရပ်ကွက် တောင်တွင်းကြီးမြို့နေ နှင်းကိုကိုလင်း (ခ) နှင်းကိုကိုအား လေးခွ (၁)လက်၊ အုတ်နီခဲ(၁) လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးချက်အရ ခဲဖြင့်ပစ်ပေါက်သည့် ရည်ရွယ်ချက်မှာ မောင်တော ဒေသရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကျေနပ်မှု မရှိသောကြောင့် ပစ်ပေါက်ခြင်း ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ဦးစိုးမြင့်လေး၏ လိုင်းသစ်မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်၊ ကိုဟာနစ် (စိစစ်ဆဲ) ၏ လက်ဘက်ရည်ဆိုင်၊ ဒေါ်မျိုးမျိုးဝင်း ( စိစစ် ဆဲ)၏ ကုန်စုံဆိုင်၊ ကိုအောင်ဝင်း (စိစစ်ဆဲ)၏ အိရတနာဖြိုး ထမင်းဆိုင်၊ ဦးမြင့်စိုး (စိစစ်ဆဲ)၏ ကွမ်းယာခုံ၊ ဦးသန်းလှိုင်(စိစစ်ဆဲ)၏ နေအိမ်၊ ဦးအေးလွင် (စိစစ်ဆဲ)၏ နေအိမ်နှင့် ဦးမွတ်တား (စိစစ်ဆဲ) နေအိမ်တို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို အား ယမန်နေ့ ညက ဖမ်းဆီးရမိ ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌ တောင်တွင်းကြီးမြို့ ရွှေအိုး ၂ ရပ်ကွက်နေ အဖ ဦးမာ၏ သား စိုးသူ (၃၃) နှစ် နှင့် အဖ ဦးလှအောင်၏ သား သိန်းဇံဌေး (၂၂) နှစ် ၊ ရွှေကြာအင်း (၁) ရပ်ကွက်နေ အဖ ဦးတင်မောင်လင်း၏သား နိုင်အောင်ထက် (၂၇) နှစ် နှင့် အဖ ဦးအောင်ကျော်မိုး၏ သား စည်သူအောင် (၁၈) နှစ်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၅ ဦးကို ထိန်းသိမ်း၍ စိစစ်မေးမြန်းလျက်ရှိသည်။

 

ဖြစ်စဉ်တွင် ပါဝင်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း၊ လူအုပ်စုဖြင့် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခဲ့သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဤဖြစ်စဉ်ကို ဥပမာထား၍ ပြည်သူများအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် သတိရှိရှိ ဆင်ခြင်သုံးသပ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

 

( သတင်းထုတ်ပြန်ရေးကော်မတီ)