လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ရေးသားနေသော အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့မှ ရေးသားထားသည့် ပြည်သူ့နီတိ စာအုပ်များသည် အစိုးရအဖွဲ့အစည်းများနှင့် လုံးဝသက်ဆိုင်မှုမရှိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၇

လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ရေးသားနေသော ပြည်သူ့နီတိစာအုပ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ခံနိုင်ဖွယ်မရှိကြောင်း သဘောထားထုတ်ပြန်မှုအပေါ် ယင်းစာအုပ်များသည် အမျိုးသားသင်ရိုးညွှန်း တမ်း ကော်မတီက အတည်ပြုထားသော ပြဋ္ဌာန်းစာအုပ်များ မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန် ရှင်းလင်းထားသည်။

အဆိုပါ ပြည်သူ့နီတိစာအုပ်များနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်ရေးသားနေမှုများအပေါ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘောထား ထုတ်ပြန်ချက်ကို မတ်လ ၇ ရက်ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက မတ်လ ၇ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ရာတွင် ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့မှ ရေးသားထားသည့် ပြည်သူ့နီတိစာအုပ်များသည် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီက အတည်ပြုထားသော ပြဋ္ဌာန်းစာအုပ်များ မဟုတ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပြဋ္ဌာန်း စာအုပ်များကို အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း အညွန်းဘောင်၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း အညွန်းဘောင်တို့နှင့်အညီ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်းကော်မတီက ရေးသားပြုစု၍ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီသို့ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှတစ်ဆင့် တင်ပြပြီး ထိုကော်မတီ၏ ပြင်ဆင်တည်းဖြတ် အတည်ပြုသော ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ ကိုသာ အသုံးပြုကြောင်း အသိပေး ကြေညာထားရှိသည်။

ယင်းဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်ပြီး ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony –CDNG)ကလည်း ၎င်းတို့ ထုတ်ဝေထားသည့် ပြည်သူ့နီတိစ ာအုပ်များသည် အစိုးရအဖွဲ့ အစည်းများနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်း၊ သတင်းထုတ်ပြန်ချက် တစ်စောင်ကို မတ်လ ၅ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် CDNH မှ ပြည်သူ့နီတိ စာအုပ်များကို မူလတန်းမှ အထက်တန်းအထိ (သူငယ်တန်းမှ ဒသမတန်းအထိ) ကျောင်းသားကိုင် ၁၁ အုပ်၊ သူငယ်တန်းဆရာလမ်းညွှန် ၁ အုပ်၊ မူလတန်းဆရာလမ်းညွှန် ၁ အုပ်၊ မူလတန်းဆရာ လက်စွဲ ၁ အုပ်၊ အလယ်တန်းဆရာလမ်းညွှန် ၁ အုပ်၊ အထက်တန်းဆရာလမ်းညွှန် ၁ အုပ်နှင့် ပြည်သူ့နီတိ ဘာသာရပ်သင်ကြားမှုကို လေ့လာသုံးသပ်ခြင်း စာအုပ် ၁ အုပ် စုစုပေါင်း ၁၇ အုပ်တို့ကို ထုတ်ဝေထားကြောင်း။

CDNH အနေဖြင့် မိမိတို့ထုတ်ဝေခဲ့သည့် ပြည်သူ့နီတိစာအုပ်များကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအား ပြည်သူ့နီတိသင်ကြားရေးတွင် ကိုးကားနိုင်သည့် စာအုပ်များအဖြစ်ဖြင့် လိုအပ်သလို အသုံးပြုနိုင်စေရန် တင်ပြဝေငှခဲ့ကြောင်း၊ CDNH မှ ထုတ်ဝေသော ပြည်သူ့နီတိ စာအုပ်များကို မဖြစ်မနေအသုံးပြုရန် မည်သည့်ကျောင်း (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ တိုက်တွန်းခြင်း မရှိခဲ့ကြောင်း။

ပြည်သူ့နီတိ သင်ကြားရေးနှင့် ပတ်သက်၍ သင်တန်းရယူလိုသော အဖွဲ့အစည်းများကိုသာ သင်ကြားရေးနှင့် ပတ်သက်သည့် သင်တန်းများကိုပေးခဲ့ကြောင်း၊ ထိုသို့ သင်တန်းများပေးရာတွင် သင်တန်းတက်ရောက်လာကြသူများအား မိမိတို့ဒေသရှိ လူငယ်များသို့ ပြန်လည်သင်ကြားသည့်အခါ မိမိတို့ဒေသနှင့် သင့်လျော်မည့် အပိုင်းများကိုသာ သင်ကြားပို့ချပြီး မသင့်လျော်သည့် အပိုင်းများကို ချန်လှပ်ထားနိုင်ကြောင်း၊ စာအုပ်များတွင် ပါရှိသည့် အကြောင်းအရာများ အတိုင်းသာ သင်ကြားရမည် မဟုတ်ဘဲ မိမိတို့ဒေသနှင့်ကိုက်ညီမည့် ပုံဝတ္ထုများ၊ အကြောင်းအရာများရှိပါကလည်း အစားထိုး သင်ကြားပေးနိုင်ကြောင်းကို ရှင်းလင်းထုတ်ပြန်ထားသည်။

ထို့ပြင် CDNH အဖွဲ့သည် ဘာသာရေး ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု မဟုတ်ဘဲ လူမှုရေးသိပ္ပံ၊ သမိုင်းနှင့် ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်တွင်း NGO တစ်ခုဖြစ်ကြောင်း၊ မည်သည့်ဘာသာရေး ခေါင်းဆောင် တစ်ဦးတစ်ယောက်မျှ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိကြောင်း၊ CDNH သည် တိုင်းပြည်အတွင်း နိုင်ငံရေး ပြောင်းလဲမှုနှင့် သဟဇာတဖြစ်မှု အခြေအနေများ၊ ပဋိပက္ခကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သုတေသနများ ပြုလုပ်ခြင်းနှင့် သင်တန်းများပေးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဖော်ပြထားသည်။