လျှပ်စစ်မီးတိုးပေးရန်နှင့် လောင်စာဆီ ဖြန့်ဖြူးရေးမှာ အစိုးရသစ် ဘာတွေ လုပ်ဆောင်မှာလဲ

Printer-friendly versionSend by email

မေ ၁၅၊ ၂၀၁၆

အစိုးရသစ်တက်လာပြီးရက်ပေါင်း ၁၀၀ အတွင်း ပြန်လည်ဖွဲ့စည်းထားပြီးသည့် ဝန်ကြီးဌာနများ အနေဖြင့် ဝန်ဆောင်မှု များပေးအပ်နိုင်ကြရန် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။   

 

လိုအပ်ချက်ကြီးမားနေသည့် လျှပ်စစ်ကို  ပြည်သူအများလုံလောက်စွာသုံးစွဲနိုင်ရန်နှင့်  လိုအပ်သည့် စွမ်းအင်များကို ဖြည့်ဆည်းအသုံးပြုနိုင်ရန်အတွက် ပုံမှန်လုပ်ဆောင်နေသည့် အထဲမှ အစိုးရသစ် တက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း အမြန်ဆုံး အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်များ အကြောင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းနှင့် တွေ့ဆုံ မေးမြန်းထားသည်။

 

မေး။ လျှပ်စစ်နှင့်   စွမ်းအင်ဝန်ကြီးဌာန    ဖွဲ့စည်းပုံနဲ့ နိုင်ငံတော်အတွက် တာဝန်ယူ ဆောင်ရွက်နေတဲ့ အပိုင်းကို သိပါရစေ။

 

ဖြေ။ ၂၀၁၆ ခုနှစ်  မတ် ၃၀ ရက်မှာ  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့  စွမ်းအင်ဝန်ကြီးဌာန တွေကို  ပူးပေါင်းပြီး လျှပ်စစ်နှင့်    စွမ်းအင်ဝန်ကြီးဌာနအဖြစ်  စတင်ဖွဲ့စည်းခဲ့ ပါတယ်။ ဝန်ကြီးဌာနအသစ်မှာ ဦးစီးဌာနလေးခုနဲ့ လုပ်ငန်း ဌာနငါးခု၊    ကော်ပိုရေးရှင်းနှစ်ခုတို့နဲ့    ဖွဲ့စည်းထားပြီး လုပ်ငန်းစတင် လည်ပတ်နေပါတယ်။

 

မေး။ ပြည်သူတွေ အတောင့်တဆုံးအခြေခံအဆောက် အအုံတွေထဲမှာ  လျှပ်စစ်ကဏ္ဍဟာ အလွန် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။  ဝန်ကြီးဌာနအနေနဲ့  လာမယ့် ရက်ပေါင်း ၁၀၀ အတွင်းမှာ ကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘယ်လိုဆောင်ရွက်သွားမလဲ သိချင်ပါတယ်။

 

ဖြေ။ လျှပ်စစ်ကဏ္ဍဟာ ပြည်သူတွေအတွက်  အလွန် အရေးပါတယ်ဆိုတာ  ဝန်ကြီးဌာန အနေနဲ့  သိရှိ နားလည် ထားပါတယ်။  ဒါကြောင့်  မေ  ၁  ရက်ကနေစတင်တဲ့ ရက်ပေါင်း  ၁၀၀  အတွင်းမှာ  လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် စီမံပေးမှာ ဖြစ်သလို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လျှပ်စစ်ဓာတ်အား လိုင်းတွေနဲ့ ခွဲရုံတွေကို  တိုးချဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိကြုံတွေ့နေရတဲ့ ဓာတ်အား ပျောက်ဆုံးမှုကို လျော့နည်းစေပြီး ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ဖို့နဲ့ တည်ငြိမ်တဲ့ဗို့အားနဲ့ ဓာတ်အားဖြန့်ဖြူးပေးဖို့ စီမံတာတွေ ကို အဓိကလုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး။ ဓာတ်အားတိုးထုတ်လုပ်ရေးအတွက် ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘယ်လိုဆောင်ရွက် သွားဖို့ရှိပါလဲ။

 

ဖြေ။ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေဟာ အခြားလုပ်ငန်းတွေနဲ့ မတူညီတဲ့ သဘောသဘာ၀ တော့ရှိပါတယ်။ ဥပမာပြောရရင် လုပ်ငန်းဆောင်ရွက်ဖို့ ဓာတ်အားပေးစက်ရုံ တည်ဆောက် ဖို့အတွက် ပေးရတဲ့အချိန်ကာလက ရက်ပေါင်း ၁၀၀ နဲ့နှိုင်းယှဉ် တွက်ချက်ဖို့      အခက်အခဲ ရှိပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မပြီးသေးတဲ့ ဓာတ်အားပေး စက်ရုံတွေကို အမြန်ဆုံးပြီးစီးအောင်၊ မပြီးသေးတဲ့ စီမံကိန်းတွေကို ရက်ပေါင်း ၁၀၀ အတွင်း အမြန်ဆုံးပေါ်လွင်အောင် လုပ်ဆောင်ဖို့ စီမံနေတာ ဖြစ်ပါတယ်။ ဓာတ်အား ထုတ်လုပ်ရေး အပိုင်းမှာ မေ ၁၈ ရက် ကနေစပြီး မော်လမြိုင် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံရဲ့ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ကနေ မဂ္ဂါဝပ် ၃၀ နဲ့  မေ ၃၁ ရက်မှာ  မြင်းခြံဒေသ  သဘာ၀ ဓာတ်ငွေ့သုံး  ဓာတ်အားပေးစက်ကနေ  ၁၃၃  မဂ္ဂါဝပ်ကို စတင်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

 

မေး။ ဓါတ်အားပို့လွှတ်နေတဲ့အပိုင်းတွေမှာရော ပိုတိုး လာဖို့ ရှိပါသလား။

 

ဖြေ။ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း၊ ၆၆ ကေဗွီ ဓာတ်အား လိုင်းနဲ့ ဓာတ်အားခွဲရုံတွေကို ကျွန်တော်တို့ တည်ဆောက်နေ တာရှိပါတယ်။ ၆၆ ကေဗွီ ဟားခါး-ဖလမ်းဓာတ်အားလိုင်းနဲ့ ဖလမ်းဓာတ်အားခွဲရုံ လုပ်ငန်း၊ ၂၃၀  ကေဗွီ  မန်း-အမ်း ဓာတ်အားလိုင်းလုပ်ငန်း၊ ကေဗွီ တောင်ကုတ်-မအီ ဓာတ်အားလိုင်း နဲ့ မအီဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ ကျောက်ဖြူ ဓာတ်အားခွဲရုံက ကျောက်ဖြူ SEZ တွေဆီ ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ လုပ်ဆောင်ဖို့ကို ရက်ပေါင်း ၁၀၀ အတွင်း  အမြန်ဆုံး ပြီးစီးသွားအောင်  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

 

မေး။ ရက်ပေါင်း ၁၀၀ အတွင်း ဘယ်လိုစီမံကိန်းတွေ ပြီးစီးနိုင်မလဲရှင့်။

 

ဖြေ။ စီမံကိန်းတွေအနေနဲ့ကတော့ လျှပ်စစ်ဓာတ်အား ပိုပေးနိုင်ဖို့  ရည်ရွယ်ပြီး  နေပြည်တော်၊  ကချင်၊  ကယား၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဓာတ်အားဖြန့်ဖြူးရေးလိုင်းတွေနဲ့ ဓာတ်အားခွဲရုံတွေကို စဉ်ဆက်မပြတ်တည်ဆောက် နေတာ ဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀  အတွင်း မှာတော့  ကလေးခရိုင်  တမူးမြို့မရပ်ကွက် တစ်ခုနဲ့ ကျေးရွာပေါင်း ၁၅၀ တို့ရှိတဲ့ အိမ်ထောင်စု ၁၅၁၀၆ စုကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယထားပါတယ်။

 

မေး။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ပိုမိုသုံးစွဲ နိုင်အောင်  ရက်ပေါင်း  ၁၀၀  အတွင်း  ချမှတ်ထားတဲ့ အစီအမံတွေရောရှိပါသလား။

 

ဖြေ။ ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့    ဒေသ ဖြစ်တာနဲ့အညီ  မြို့နေ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေအတွက်  လိုအပ်တဲ့လျှပ်စစ် ပမာဏဟာ  နှစ်စဉ်နဲ့အမျှ တိုးတက်နေတာဖြစ်ပါတယ်။ အရင်က ရပ်ကွက်တစ်ခုဟာ ယခုအချိန်မှာ လူနေအထပ်မြင့်အဆောက်အအုံတွေ အစားထိုး  ဝင်ရောက်လာတာနဲ့အမျှ  လျှပ်စစ်သုံးစွဲမှုဟာလည်း မြင့်မားနေတာ ဖြစ်ပါတယ်။

 

ဥပမာ အနေနဲ့  ရန်ကုန်တိုင်းဒေသကြီးမှာ   လက်ရှိ ကြုံတွေ့နေရတဲ့အခြေအနေအရ လှော်ကား ဓာတ်အားပေး စက်ရုံမှာ   GT  ဓာတ်အားပေးစက်တွေ   စွမ်းအားပြည့် မောင်းနှင်တဲ့ အနေအထားမှာ ပုံမှန်ဓာတ်အားပေးနိုင်ပေမယ့် ထုတ်လုပ်မှုကျဆင်းနေတဲ့ အခုအချိန်မှာ ၂၃၀ ကေဗွီ (၁၀၀) အမ်ဗွီအေ Bank အမှတ် (၄)က Overload ဖြစ်နေတော့ ဝန်အား မဂ္ဂါဝပ် ၂၀ လျှော့ပေးနေရသလို ရွာမ ပင်မဓာတ်အားခွဲရုံမှာလည်း စက်အခက်အခဲကြောင့် ရန်ကုန် စက်မှုဇုန်ကို ၅ မဂ္ဂါဝပ် နေ့စဉ်ဝန်အား လျှော့ချနေရပါတယ်။ ဒီနေရာတွေမှာတင်မက အခြားဓာတ်အားခွဲရုံတွေမှာ လည်း  အလားတူ အခက်အခဲတွေ  အများကြီးရှိပါတယ်။ ဒါတွေကို အမြန်ဆုံးပြင်ဆင်ဖြည့်တင်းနေသလို  ပြေလည် အောင် ဖြေရှင်းပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အတွင်းမှာ ၁၁-၆ ဒသမ ၆ နဲ့ သုည ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာ အလုံး ၁၅၀ နဲ့ ဆက်စပ် ဓာတ်အားလိုင်းတွေ တည်ဆောက်ခြင်း ကို ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။

 

ဝန်အားပြည့် ဓာတ်အားခွဲရုံတွေမှာ ထရန်စဖော်မာတွေ  တိုးချဲ့တပ်ဆင်ခြင်းနဲ့  အစားထိုး လဲလှယ် တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို  ၃၃  ကေဗွီ  ဝါးတစ်ရာ-ရွှေပြည်သာ  ကောင်းကင် ဓာတ်အားလိုင်း  တည်ဆောက် နေပါတယ်။ လှိုင်သာယာ စက်မှုဇုန်မှာ ဆိုရင်လည်း   ၁၁ ကေဗွီ ကောင်းကင် ဓာတ်အားလိုင်းနဲ့      ဖီဒါတိုးချဲ့  တည် ဆောက်ခြင်းတွေကို ရက်ပေါင်း  ၁၀၀  အတွင်း  အပြီး လုပ်ဆောင်သွားမယ်ဆိုရင်    ယခင်ကထက်    ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ် လိုလားချက်ကို ဖြည့်တင်း နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

လျှပ်စစ်ကဏ္ဍအတွက်  ရက်ပေါင်း    ၁၀၀  အတွင်း လုပ်ဆောင်သွားရန်ရှိသည့်    စီမံကိန်း များကို မေးမြန်း၍ အပြီးတွင် ကျန်ရှိသည့် စွမ်းအင်ကဏ္ဍအတွင်း ဆောင်ရွက်မှု များအပိုင်းကိုလည်း ပြည်ထောင်စုဝန်ကြီးအား ဆက်လက် မေးမြန်းဖြစ်ခဲ့သည် -

 

မေး။ စွမ်းအင်ကဏ္ဍမှာရော ရက်ပေါင်း ၁၀၀ အတွင်း မှာ ဘယ်လုပ်ငန်းတွေကို ဦးစားပေးပြီးလုပ်ဆောင်သွားဖို့ ရှိပါသလဲ။

 

ဖြေ။ အဓိကကတော့   ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပြေးဆွဲတဲ့ City Bus တွေအတွက် စီအင်န်ဂျီ သဘာဝ ဓာတ်ငွေ့တွေ  တိုးတက်ဖြန့်ဖြူးပေးဖို့၊  ရေနံဓာတ်ငွေ့ရည်  ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းတွေ  စည်းကမ်းတကျနဲ့  တိုးတက်စေဖို့၊ လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးခြင်းတွေနဲ့  ဖက်စပ်လုပ်ငန်းတွေ တိုးချဲ့ဖို့နဲ့ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တွေနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ပေါက်ဈေးနဲ့အညီ ပြည်သူလူထု ထိုက်သင့်တဲ့ဈေးနှုန်း တွေဖြစ်ဖို့   ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

မေး။ ရေနံဓာတ်ငွေ့ရည်အကြောင်းနဲ့ ရေနံဓာတ်ငွေ့ရည်တွေကို ဘယ်လိုရောင်းချပေး သွားမလဲဆိုတာ ဖြေကြားပေး ပါဦး။

 

ဖြေ။ စွမ်းအင်ကဏ္ဍမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုကိုလျှော့ချဖို့ အတွက်  ထင်းအစားထိုး မီးဖိုချောင်သုံးလောင်စာအဖြစ် ရေနံဓာတ်ငွေ့ရည်တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းတွေကို ၂၀၁၁ ခုနှစ်ကတည်းက  ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို  ခွင့်ပြုထားခဲ့ပါတယ်။

 

ယခုကာလမှာ  ပြည်သူတွေ  ပိုမိုသုံးစွဲနိုင်ဖို့အတွက် လုပ်ငန်းလိုင်စင် နှစ်မျိုးကနေ ငါးမျိုး အထိ တိုးချဲ့ပြီး ခွင့်ပြုနိုင်ဖို့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်း စီမံ သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုကို လုပ်ကိုင်ခွင့်ပြု ထားပြီး ဖြစ်ပါတယ်။

 

မေး။ လေယာဉ်ဆီတွေကို တင်သွင်းသိုလောင်မှု အပိုင်းမှာရော ရက်ပေါင်း ၁၀၀ အတွင်း မျှော်မှန်းချက်ကို ပြောပြပေးပါ။

 

ဖြေ။ လေယာဉ်ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းကို Public Private Partnership (PPP)   ကို ကူးပြောင်းဖို့ အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူခဲ့ရာမှာ တင်ဒါ အောင်မြင်တဲ့ PUMA စွမ်းအင် ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး National Energy Puma Aviation Services ကုမ္ပဏီအဖြစ် မင်္ဂလာဒုံလေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကတည်းက လုပ်ဆောင် နေတာပါ။

 

ရက်ပေါင်း  ၁၀၀  အတွင်းမှာတော့  နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊  ထားဝယ်၊  စစ်တွေ၊  မော်လမြိုင်နဲ့  ကျောက်ဖြူ လေယာဉ်ဆီဌာနခွဲ ၁၁ ခုမှာ လေယာဉ်ဆီဖြန့်ဖြူးရောင်းချ ခြင်းတွေ စတင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

 

မေး။ စီအန်ဂျီသဘာဝဓာတ်ငွေ့ကို  ပိုမိုအသုံးပြုနိုင်ဖို့ အတွက်ရော ဘယ်လိုစီမံထား သလဲရှင့်။

 

ဖြေ။ ဓာတ်ဆီ၊  ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချဖို့အတွက် ကြိုးစားတဲ့အနေနဲ့ သဘာ၀ ဓာတ်ငွေ့သုံး မော်တော်ယာဉ် အဖြစ် လက်ရှိမှာ အစီးရေ ၂၈၂၃၄ စီးအထိ ခွင့်ပြုထား ပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်  ၄၆  ဆိုင်ခန့်ရှိပါတယ်။  ရက်ပေါင်း  ၁၀၀ အတွင်းမှာ    ရန်ကုန်တိုင်းဒေသကြီးအတွင်း    ခရီးသည် ပို့ဆောင်ရေး ကဏ္ဍ အတွက် City Bus တွေကို တိုးတက် ဖြန့်ဖြူးပေးနိုင်ဖို့   ပြင်ဆင်နေပြီး   အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကနေ   ယာဉ်သစ်   ၆၅  စီးကို  တစ်စီးလျှင် ဓာတ်ငွေ့  ၆၀၀  လီတာနှုန်းနဲ့  တိုးမြှင့်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

 

မေး။ စက်သုံးဆီဈေးနှုန်းတွေတည်ငြိမ်ဖို့နဲ့ အခြင်အတွယ် ပြည့်မီဖို့အတွက် ရက်ပေါင်း ၁၀၀ အတွင်း စီမံချက်တွေ အကြောင်းကိုလည်း ရှင်းပြပေးပါ။

 

ဖြေ။ ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီသတ်မှတ်စံချိန် စံညွှန်း ကိုက်ညီမှန်ကန်စေဖို့အတွက် Mobile Fuel Lab ယာဉ်ခြောက်စီးနဲ့  ဒေသတွေဆီကိုသွားရောက်ပြီး  ရှောင်တခင် အခြင်အတွယ်ပြည့်၀စေဖို့နဲ့ အရည်အသွေးမှန်ကန် စေဖို့ စစ်ဆေးပေးနေပါတယ်။

 

ဒါ့အပြင်  စက်သုံးဆီဈေးနှုန်းတွေကို  နိုင်ငံတကာ ငွေကြေးပေါက်ဈေးအတိုင်း  ပြည်တွင်းမှာ ရောင်းချ နိုင်ဖို့အတွက် ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေး အသင်းတို့နဲ့ပူးပေါင်းပြီးစက်သုံးဆီဈေးနှုန်း စောင့်ကြည့်ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဖွဲ့စည်းပြီး စောင့်ကြည့်နေပါတယ်။ ပြည်ပကနေ တင်သွင်းတဲ့စက်သုံးဆီ ဆိပ်ကမ်းအရောက် ဈေးနှုန်းတွေကိုလည်း နိုင်ငံပိုင် သတင်းစာတွေမှာ ပုံမှန်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။