၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၅

တောရိုင်းတိရစ္ဆာန်များ တရားမဝင်သတ်ဖြတ်ခြင်းနှင့် မှောင်ခိုရောင်းဝယ်ခြင်းများသည် စီးပွားရေးနှင့် ဂေဟစနစ်ကို ယိုယွင်းစေပြီး အုပ်စုဖွဲ့ရာဇဝတ်မှုများကို အားပေးကာ အကျင့်ပျက် ချစားခြင်းနှင့် မလုံခြုံမှုတို့ကို ကမ္ဘာတစ်ဝန်းတွင် တိုးပွားစေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ၂၀၁၆ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲ တွင် ပြောကြားသည်။

 

တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ် ဖောက်ကားမှုအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတကာ လေ့လာတွေ့ရှိမှုများကို ပြောပြရမည်ဆိုပါက နှစ်စဉ်နှစ်တိုင်း ကြံ့ ကောင်ရေ တစ်ထောင် ကျော်နှင့်  အာဖရိက ဆင် သုံးသောင်းခွဲကျော်သည် အမဲလိုက်သတ်ဖြတ် ခြင်းကိုခံရပါကြောင်း၊ ယခုအခါ ဂမ်ဘီယာ၊ ဘိုကီနာဖာဆို၊ ဘီနင်နှင့် တိုဂို နိုင်ငံများတွင် ချင်ပန် ဇီမျောက်များ မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်ပါကြောင်း၊ ဝက်ဝံ သုံးထောင်ခန့် နှစ်စဉ်ဆုံးရှုံး နေပါကြောင်း။

 

အာရှနိုင်ငံအချို့၏ ဈေးဆိုင်ခန်းများတွင် ကျားအရေခွံများ၊ ဧရာမပင်လယ် လိပ်ခွံကြီးများကို တွေ့မြင် နေရပါကြောင်း၊ ထိုပုံရိပ်များက တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့ ကမ္ဘာမြေ၏ အဖိုးတန်လှသည့် ဇီဝမျိုးစုံမျိုးကွဲများလျော့ပါးခြင်းနှင့် မျိုးသုဉ်းခြင်း အခြေအနေ ရောက်ရှိနေသည်ကို သတိပေး နေပါကြောင်း၊ အာရှမှောင်ခို ဈေးကွက်တွင်ဆင်စွယ် တစ်ကီလိုသည် ဒေါ်လာနှစ်ထောင့် နှစ်ရာ ခန့်ပေါက်ပြီး ကြံ့ချိုတစ်ကီလိုကို ဒေါ်လာ ခြောက်သောင်းလောက် ပေါက်နေသဖြင့် ရွှေ၊ ပလက်တီနမ်တို့ထက်  များစွာ ဈေးကြီးနေသည် ကိုတွေ့ရပါကြောင်း၊ တောရိုင်း တိရစ္ဆာန်နှင့် အပင်များတရားမဝင် ကူးသန်းရောင်းဝယ်နေမှု အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သုံးစွဲနေသည့် ငွေကြေးပမာဏသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၂၀) ဘီလီယံ ရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှုစသည့် လုပ်ငန်းများပြီးလျှင် ကမ္ဘာ့ စတုတ္ထမြောက် အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှု လုပ်ငန်းဖြစ်နေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က  အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒနှင့် မဟာဗျူဟာမူ ဘောင်များ၊ စီမံချက်များကို UNDP နှင့်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မဟာ ဗျူဟာနှင့် အကောင်အထည်ဖော်ဆောင်ရေးစီမံချက်ကို UNEP၊  UN-Habitat၊ EU တို့နှင့်လည်းကောင်း၊ အစိမ်းရောင်စီးပွားရေးမူဝါဒနှင့် မဟာဗျူဟာ မူဘောင်များကို World Wildlife Fund (WWF)နှင့် လည်းကောင်း၊ အမျိုးသားအဆင့်နှင့် မြို့ပြအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး မဟာဗျူဟာများနှင့် စီမံချက် များကို  UNEP ၊  IGES  (Institute for Global Environmental Strategy) တို့နှင့်လည်းကောင်း၊ အန္တရာယ် ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ သိမ်းဆည်းရေးစီမံချက်ကို နော်ဝေအမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (National Environmental Agency of Norway) နှင့်လည်းကောင်း ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ရည်မှန်းချက်သစ်များ၊ ခွန်အားသစ်များဖြင့် ကျင်းပပြီး Rio Plus 20 ညီလာခံ၊ နောက်ဆက်တွဲ ပါရီ သဘောတူညီချက်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ (SDGs) က ရရှိသည့် အရှိန်အဟုန်များကို ရယူရမည် ဖြစ်ပါကြောင်း၊ တောရိုင်း တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ စောင့်ရှောက်ခြင်း အပါအဝင် မိမိတို့၏ ပတ်ဝန်းကျင်ကိုပါ ကာကွယ် စောင့်ရှောက်ရန်အတွက် အမျိုးသားရေး မဟာဗျူဟာများ ချမှတ်ပြီး အားလုံးပါဝင် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း။

 

မိမိတို့၏ နောင်လာနောက်သားများ သာယာဝပြောသည့် အနာဂတ်ရရှိစေရန်အတွက် ကမ္ဘာပေါ်ရှိ သက်ရှိ အားလုံးကို ထိန်းသိမ်းရေးဆိုသည့် ဘုံလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာတွင် အစိုးရ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းစုများအပြင် ပြည်သူများအနေဖြင့်  ပူးပေါင်း ပါဝင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အနာဂတ်မျိုးဆက်များ အတွက် သက်ရှိမျိုးစိတ်အားလုံးကို ထိန်းသိမ်းရန် တတ်နိုင်သည့်ဘက်က ကူညီကြရန် အားလုံးကိုတောင်းဆိုပါကြောင်း၊ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ တရားမဝင်ရောင်းဝယ် ဖောက်ကားနေမှုကို လုံးဝလက်မခံဘူး ဆိုသည်ကို ပြသပြီး အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်ပါ ကြောင်း ပြောကြားသည်။

 

အခမ်းအနားတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေ ညွှန်ကြားရေးမှူးက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ သဝဏ်လွှာကို ဖတ်ကြားပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူးက ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရ ဦးအောင်သန်း၊ ဒုတိယဆုရ ဦးထိန်လင်းနှင့် တတိယဆုရ ဦးကျော်ဆွေဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ခေတ္တ ညွှန်ကြားရေးမှူးက ၂၀၁၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။

 

ယင်းနောက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ၂၀၁၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ မနှင်းဝတ်မှုန်အောင်၊ ဒုတိယဆုရ မမေသက်ခိုင်စိုးနှင့် တတိယဆုရ မလင်းသန္တာထက်တို့အား ဆုများ ပေးအပ်ချီးမြှင့်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေ ညွှန်ကြားရေးမှူးက အထူးဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ပြသပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ဆုရရှိကြသူများ၊ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အဆိုပါခန်းမ အတွင်း၌ ပတ်ဝန်းကျင် ထိန်းသိန်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှု လေ့လာ သည်။

 

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်သည် “တို့ကမ္ဘာမြေ ဂေဟစနစ် ထိန်းသိမ်းဖို့ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်ကုန်သွယ်မှုကို ဆန့်ကျင် တိုက်ဖျက်စို့” "Zero Tolerance for the illegal trade in wildlife" ဖြစ်သည်။

 

ယနေ့အခမ်းအနားသို့ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့်ဧည့်တော်များ တက်ရောက်ကြသည်။

 

၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ ဧရိယာ၏ (၅ ဒသမ ၆) ရာခိုင်နှုန်းတွင် သဘာဝနယ်မြေ (၃၆) ခု တည်ထောင်ထားရှိပြီး အခြားဧရိယာ (၉) ခုကို တိုးချဲ့ဖွဲ့စည်းတည်ထောင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လက်ရှိအချိန်တွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေ (၇) ခုကို အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားပြီး ထိန်းသိမ်း ကာကွယ် ထားကြောင်း၊  ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လအတွင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင် ရောင်းဝယ်မှု (၁၈၉) မှု အထိ ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။