ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာနှင့်စပ်လျဉ်း၍ များစွာ စိုးရိမ်မကင်း ဖြစ်မိ

Printer-friendly versionSend by email

 

နေပြည်တော် ဖေဖော်ဝါရီ ၈

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights-OHCHR) မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီ ၈ ရက်မှ ၂၃ ရက် အထိ စေလွှတ်ခဲ့သည့် အစီရင်ခံစာအပေါ် အခြေခံ၍ OHCHR ဘက်မှ Interviews with Rohingyas fleeing from Myanmar since 9 October 2016 ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

သတင်းထုတ်ပြန်ချက်

၁။    ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights)သည် ''Interviews with Rohingyas fleeing from Myanmar since 9 October 2016'' ခေါင်းစဉ်ပါ အစီရင်ခံစာတစ်စောင်ကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ ပါသည်။ အစီရင်ခံစာတွင်ပါရှိသည့် စွပ်စွဲချက်များသည် လွန်စွာစိုးရိမ်ဖွယ်ရာ သဘော သဘာဝရှိ သည်ဟု မြန်မာနိုင်ငံအစိုးရက ထင်မြင်ယူဆပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ များစွာစိုးရိမ်မကင်း ဖြစ်မိသည်။ သို့ပါ၍ နိုင်ငံတော်အစိုးရသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှတစ်ဆင့် ယင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးလျက် ရှိပါသည်။ ယင်းသို့ ကျူးလွန်ခဲ့သည့် အထောက် အထား အခိုင်အမာရှိပါက အစိုးရအနေဖြင့် လိုအပ်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဇိုင်ယာ့ဒ်အယ်လ်ဟူစိန်နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တယ်လီဖုန်း ပြောကြားစဉ် ရှင်းလင်း စွာ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်းသည့် နောက်ခံ အချက်အလက်

၂။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် အခြေအနေကို ဖြေရှင်း ဆောင်ရွက်ရန် အထူးအလေးထားကာ ရေရှည်တည်တံ့ သည့် အဖြေတစ်ခု ရရှိရေးကို ကြိုးပမ်းလျက် ရှိပါသည်။

၃။    အစိုးရသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် ဘက်ပေါင်းစုံချဉ်းကပ်မှုဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ နားလည်မှုနှင့်ယုံကြည်မှု တည်ဆောက် နိုင်ရန် အတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ထားရှိပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ်၊ မေလ ၃ဝ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပါသည်။ ဗဟိုကော်မတီ၏ လုပ်ငန်းရပ်များ အဆင်ပြေ ချောမွေ့စေရန်အတွက် လုပ်ငန်း ကော်မတီ (၄) ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။

၄။  မြန်မာနိုင်ငံအစိုးရသည် ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖြေရှင်းနိုင်ရန် အစိုးရ၏ ကြိုးပမ်း အားထုတ်နေမှုများကို အထောက်အကူ ပြုနိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကို လည်း ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်သည် ၎င်း၏ အစီရင်ခံစာ အပြည့်အစုံကို ၂ဝ၁၇ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် မထုတ်ပြန်မီ ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို မြန်မာနိုင်ငံအစိုးရထံသို့ တင်သွင်းသွားရန် ရှိပါသည်။

၅။  ယင်းကဲ့သို့ အပြုသဘော လုပ်ဆောင်ချက်များ ဆောင်ရွက်နေသည့် တိုင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်း (၃)ခုကို နိုင်ငံရပ်ခြားက ရန်ပုံငွေပံ့ပိုး လှုံ့ဆော်ပေးထားသော လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ပါသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် International Crisis Group (ICG)၏ အစီရင်ခံစာတွင် ပါရှိသည့် အတိုင်း ယင်းတိုက်ခိုက်မှုသည် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ အပေါ် ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ ယင်းကဲ့သို့သော အခြေအနေ များတွင် နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ လုံခြုံရေး တပ်ဖွဲ့များကို တရားဥပဒေစိုးမိုးရေး ဘောင်အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် အင်အား အလွန်အကျွံသုံးခြင်းမပြုရန် ညွှန်ကြားထားရှိပါသည်။ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိ ပါက ဖောက်ဖျက်ကျူးလွန်သည့် မည်သူ့ကိုမဆို အစိုးရအနေဖြင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

၆။   အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက် နေ့အထိ တိုက်ခိုက်မှုများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို စုံစမ်းစစ်ဆေးရန် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် ရခိုင်ပြည်နယ်ရှိ ပြည်သူ အားလုံး၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးများကို အာမခံချက် ပေးနိုင်ရေးမှာ အလိုအလျောက် ပါဝင်ပြီး ဖြစ်ပြီး နယ်မြေရှင်းလင်းရေးနှင့် စပ်လျဉ်းသည့် စွပ်စွဲမှုများအပါအဝင် စွပ်စွဲချက်အားလုံးကို မှန်ကန်မှုရှိ၊ မရှိ စိစစ်သွားရန်ပါဝင်သည်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းရန် ကော်မရှင်ကို တာဝန်အပ်နှင်းထား သော်လည်း လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ပြည့်စုံသည့် အစီရင်ခံစာ တစ်စောင် ပြုစုနိုင်ရန်အတွက် အစီရင်ခံစာ တင်သွင်းရမည့်ရက်ကို သက်တမ်း တိုးမြှင့်ပေးထားပါသည်။ ရခိုင်ပြည်နယ်ရှိ ထိခိုက်ခဲ့သည့် ဒေသများသို့ သံအမတ်ကြီးများ၊ မီဒီယာနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ အပါအဝင် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ ခရီးစဉ်များ ကိုလည်း မြန်မာနိုင်ငံအစိုးရက စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ယင်းဒေသများ တွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပြန်လည်ပေးအပ် လျက်ရှိပါသည်။

၇။  အစိုးရသစ် တာဝန်ယူချိန်မှစ၍ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသား စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စွပ်စွဲချက်များနှင့် ပတ်သက် သည့် ၎င်း၏လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင်လုပ်ရပ်များ ကျူးလွန်ဖောက်ဖျက် သူများကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပါ သည်။ မြန်မာအစိုးရသည် နိုင်ငံတစ်ဝန်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကတိကဝတ်များကို အခိုင်အမာ ထိန်းသိမ်းသွားမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်