အစိုးရဆေးရုံများ၌ သူနာပြုဝန်ထမ်းအင်အားနည်းပါးနေပြီး အလုပ်မဝင်ရောက် သူဦးရေ များပြားလာဆေးရုံများတွင် အလုပ်ဝင်ရောက်နေသော သူနာပြုများကို လိုင်စင်များပြုလုပ်ပေးနေ

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ (၁/၂ဝ၁၇) အခမ်းအနားကို ရုံးအမှတ်(၄)တွင် ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ငွေကြေး ကုန်ကျမှုကို အကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက်မြင့်မားရေးစသည့် ကျန်းမာရေးမူဝါဒများ ချမှတ်၍ အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ခွင့်ပြုရန်ပုံငွေများကို နှစ်စဉ် ပိုမို ခွဲဝေသုံး စွဲခွင့်ပြုခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်တွင် ၁ဝ၇၆၁ဝဝ ဒသမ ၄ဝ၁ ကျပ် သန်းခွင့်ပြုပေးရန် လျာထားတောင်းခံထားပါကြောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံခွင့်ပြုစာရင်းအရ ၄၉ ဒသမ ၉၉ ရာခိုင်နှုန်း ခန့်ထားပြီး ဖြစ်ပါကြောင်း။

 

တစ်နိုင်ငံလုံးတွင် ဆေးရုံပေါင်း ၁၁၂၃ ရုံ၊ သူနာပြုဝန်ထမ်းအင်အား အနေဖြင့် ခွင့်ပြု ၃၇၇ဝ၄ ဦး၊ ခန့်ထား ၂ဝ၆၈၃ ဦး၊ လစ်လပ် ၁၇ဝ၂၁ ဦး ရှိပါကြောင်း၊ လာမည့်ငါးနှစ်အတွင်း ကျန်းမာ ရေးဝန်ဆောင်မှုများကို ပီပြင်ထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အဆင့် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ၊ ပညာရှင်အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍများ အားလုံး အလုံးစုံ ပူးပေါင်းပါဝင်သော အမျိုးသားကျန်းမာရေးစီမံကိန်း ၂ဝ၁၇-၂ဝ၂၁ ကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ငွေကုန်ကျမှုအပါအဝင် အသေးစိတ် လုပ်ငန်းများ Operational Plan ကို ဆက်လက်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်အောင်၊ နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုပေးနိုင်အောင် အစဉ်အမြဲ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်၍ကျွမ်းကျင်မှုနှင့် အရည်အချင်း ပြည့်ဝသော ဝန်ထမ်းများလေ့ကျင့် မွေးထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သူနာပြု၊ သားဖွားအသက်မွေးဝမ်းကျောင်းပညာရပ်နှင့် သူနာပြု၊ သားဖွား အဆင့်အတန်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ''အမျိုးသားအဆင့် သူနာပြုနှင့် သားဖွားနှီးနှောဖလှယ်ပွဲ''(National Nursing and Midwifery Seminar) ကို ၂၁-၁၂-၂ဝ၁၆ ရက်နေ့မှ ၂၂-၁၂-၂ဝ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး သူနာပြုနှင့် သားဖွားပညာရေးကို မြှင့်တင်ပေးရန်၊ သူနာပြုနှင့် သားဖွားများ၏ အသက်မွေးဝမ်းကျောင်း စိတ်ဓာတ် (Professionalism)ကို မြှင့်တင်ပေး ရန်၊ လုပ်ငန်းခွင်မှ သူနာပြုနှင့် သားဖွားများ၏ Role, Responsi-bilities, Job description များကို ခေတ်နှင့်လျော်ညီစွာ သတ်မှတ်ရန်၊ နိုင်ငံတကာမှ သူနာပြုအဖွဲ့အစည်းများ နှင့် (Networking) ဆက်သွယ် ဆောင်ရွက်၍ သူနာပြုစုမှုနှင့် သားဖွား အရည်အသွေးများ ပိုမိုတိုးတက်လာစေရန်၊ အရည်အသွေးပြည့်မီသော သူနာပြုစု စောင့်ရှောက်မှု ပိုမိုရရှိစေနိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်၊ သူနာပြုနှင့် သားဖွားများ၏ လုပ်ငန်းခွင် အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သူနာပြုနှင့် သားဖွားများအား လုပ်ငန်း ခွင်တွင် ပျော်ရွှင်စေခြင်းဖြင့် လုပ်ငန်းခွင် တွင် ရေရှည်တည်တံ့ရန်၊ သူနာပြုနှင့် သားဖွားများ၏ စဉ်ဆက်မပြတ် ပညာရေး အခွင့်အလမ်းများ တိုးမြင့်လာစေရန်၊ သူနာပြု/သားဖွားအင်အားပြုန်းတီး နေမှု(Attrition)ကို လျော့ပါးသွားစေရန် ဆုံးဖြတ်ခဲ့ပါကြောင်း။

 

သူနာပြုသားဖွားများ၏ ဝတ်စုံများသည် ဝတ်ဆင်ရာတွင် သက်သောင့် သက်သာဖြစ်ပြီး ခေတ်နှင့်လျော်ညီသော ဝတ်စုံများအား ၁-၁-၂ဝ၁၇ ရက်နေ့မှစ၍ ပြင်ဆင်ဖြည့်စွက်ဝတ်ဆင်ခဲ့ပါကြောင်း၊ သူနာပြုသိပ္ပံဘွဲ့ရများနှင့် ဒီပလိုမာ လက်မှတ်ရ သူနာပြုများ၊ သားဖွားဆရာမ များ၏ လစာနှုန်းထား၊ ဝတ်စုံစရိတ်နှင့် စားစရိတ်များကို ပြင်ဆင် သတ်မှတ်ပေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခု အခါ နိုင်ငံတကာအဆင့်မီ အောင် သူနာပြုဒီပလိုမာ၊ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)နှင့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) သင်ရိုးညွှန်းတမ်းများကို WHO Nurse- Midwife Consultant ခေါ်ပြီး review & revise လုပ်နေပါ ကြောင်း၊ လုပ်ငန်းခွင်တွင် သူနာပြု အင်အားလိုအပ်နေသည့်အတွက် သူနာ ပြုသင်တန်းသား၊ သင်တန်းသူများကို အကြိမ်ပိုမိုခေါ်ယူပြီး မွေးထုတ်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ညှိနှိုင်းလျက်ရှိပါကြောင်း။

 

သူနာပြုသားဖွား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုပါက ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးအောင် အဖွဲ့ခေါင်းဆောင် အဖြစ် အဖွဲ့ဝင် ခုနစ်ဦးပါဝင်သောအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိ ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့်ပတ်သက်သည့် အခြားသိလိုသည်များ ရှိပါကလည်း ဆက်သွယ် မေးမြန်းနိုင် ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးက သူနာပြုသားဖွား ပညာရေးနှင့်ပတ်သက်၍ လေ့ကျင့် မွေးထုတ်မှုအနေဖြင့် လက်ရှိတွင် သူနာပြုတက္ကသိုလ်နှစ်ခု သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅ဝ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့်သားဖွားများ ကို မွေးထုတ် လျက်ရှိပါကြောင်း၊ ယခုအချိန်အထိ သူနာပြု ၃၅ဝဝဝ ကျော်နှင့် သားဖွား ဆရာမ ၃၇ဝဝဝ ကျော် လေ့ကျင့် မွေးထုတ်ပေးပြီးဖြစ်ပြီး တက္ကသိုလ်နှင့် သင်တန်းကျောင်းအသီးသီးတွင် သင်တန်းသား ၉ဝဝဝ ကျော် သင်တန်း တက်ရောက်လျက် ရှိပါကြောင်း၊ သင်တန်းကျောင်းများတွင် သူနာပြုနှင့်သားဖွားများ လေ့ကျင့် သင်ကြားရေးနှင့် စာချုပ်ချုပ်ဆိုရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန် က သူနာပြုများအနေဖြင့် သင်တန်းတက် ရောက်စဉ်က သုံးနှစ်နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ရန် စာချုပ်ချုပ်ဆိုထားပါ၍ နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန် ထမ်းဆောင်သည်နှင့် တစ်ပြိုင်နက် သူနာပြုလိုင်စင်အမှတ်နှင့် သူနာပြု မှတ်ပုံတင်အမှတ်ထုတ်ပေးပါကြောင်း၊ ထို့အပြင် တာဝန်ချိန်ပြင်ပတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၌ လုပ်ကိုင်ခွင့်ရှိပါ ကြောင်းနှင့် သင်တန်းဆင်းသူနာပြု လိုင်စင်လက်မှတ်ရများ အနေဖြင့်Attrition Rate များနေသဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံကြီး များ၌ တာဝန်ချထားရာတွင် အခက်အခဲ များရှိနေပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်ဖြူဖြူက ယခုအခါ နိုင်ငံတော်အစိုးရဆေးရုံများ၌ သူနာပြုဝန်ထမ်းအင်အား နည်းပါးနေပြီး အလုပ်မဝင်ရောက်သူဦးရေ များပြားလာ သောကြောင့် ၂ဝ၁၅ ခုနှစ်မှစ၍ သူနာပြုများကို ဘွဲ့၊ ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်စဉ်မှာပင် တစ်ပြိုင်တည်း နိုင်ငံ့ ဝန်ထမ်းအတွက် အလုပ်ခန့်စာကို ပေးအပ် ခဲ့ကြောင်း၊ မြန်မာနိုင်ငံ သူနာပြု နှင့် သားဖွားကောင်စီသည် လုပ်ထုံး လုပ်နည်းနှင့်အညီ အောင်မြင်ပြီးသော သူနာပြု သားဖွားဆရာမများကို သူနာပြု သားဖွားဟူသောအမည်ကို ခံယူသုံးစွဲခွင့် ရှိကြောင်း သက်သေခံမှတ်ပုံတင် လက်မှတ် (Registration) ထုတ်ပေး ခြင်း၊ သင်တန်းတက်စဉ်က ချုပ်ဆိုခဲ့သော စာချုပ်အရ အစိုးရဝန်ထမ်းအဖြစ် အလုပ်ဝင်ရောက်သည့်အခါ နှစ်နှစ်သက်တမ်းရှိ ပုံမှန်လိုင်စင်ကို ထုတ်ပေးခဲ့ပါကြောင်း၊ ကောင်စီအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ မှတ်ပုံတင်ထုတ်ပေးခြင်း၊ လိုင်စင် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေး နေ ဆဲဖြစ်ပါကြောင်း၊ ဆေးရုံများတွင် အလုပ်ဝင်ရောက်နေသော သူနာပြု များကို လိုင်စင်များပြုလုပ်ပေးနေပြီး လိုင်စင်နံပါတ်လည်း ရှိကြပါကြောင်း၊ လိုင်စင်မရှိဘဲ သူနာပြု၊ သားဖွား လုပ်ငန်းကို လုပ်ခွင့်မရှိပါကြောင်း။

 

မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီဥပဒေပုဒ်မ (၅၂)၊ အပိုဒ်ခွဲ (ခ) ပါဖော်ပြချက်အရ ဝန်ကြီးဌာနနှင့် ကောင်စီသည် အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြ ထားပါ ကြောင်း၊ ထို့အတွက် လိုင်စင်ကဲ့သို့ အလားတူသည့်ထောက်ခံစာကို မှတ်ပုံ တင်လက်မှတ်နှင့်အတူ ထုတ်ပေးနေပါ ကြောင်း၊ အာဆီယံနိုင်ငံ များနှင့် နှိုင်းယှဉ်၍ ပြောရမည်ဆိုလျှင် ယခုကဲ့သို့ သုံးနှစ် တာဝန် ထမ်းဆောင်ခြင်းအားဖြင့် အာဆီယံနိုင်ငံများအကြား အသိအမှတ် ပြုနိုင်ရေး (MRA) အတွက် အခြား အာဆီယံနိုင်ငံများသို့ သွားရောက်အလုပ် လုပ်နိုင်ရန် အခွင့်အလမ်းရှိသွားမည်ဖြစ် ပါကြောင်း၊ ကောင်စီကဲ့သို့ National Regulatory Body က ထုတ်ပေးသည့် သက်တမ်းရှိ လိုင်စင်လည်းရှိရန်လိုပါကြောင်း၊ ထို့ကြောင့် ချုပ်ဆိုထားသော စာချုပ်ပါ ကတိကဝတ်နှင့်အညီ အစိုးရ ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်း ဆောင်ခြင်းအားဖြင့် နစ်နာစရာမရှိ နိုင် ပါကြောင်း၊ ကောင်စီအနေဖြင့် (Patient Safety and Quality Assurance)ကို အဓိကရည်မှန်းချက် ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ချက် များနှင့်အညီ အလုပ်ဝင်ပြီး ထောက်ခံစာထုတ်ယူကြပါရန်နှင့် အခက်အခဲနှင့် ဆွေးနွေးတင်ပြစရာများရှိပါက ကောင်စီသို့ လာရောက်တင်ပြနိုင်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် သတင်းစာဆရာကြီးများ ၏မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။