ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်ခေါ် TR- 38) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအား အထောက်အထား ထုတ်ပေးမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်ကတ်ခေါ် TR-38) ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအနက် နိုင်ငံသားအထောက်အထားဖြစ်သော နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်း တင်ပြနိုင်သည့် မြန်မာအလုပ်သမားများကို နိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ်၌ သာမန်နိုင်ငံကူး လက်မှတ်များကို ထုတ်ပေးမည်ဖြစ်သည်။

 

ထို့ပြင် နိုင်ငံသားစိစစ်ရေးလက်မှတ်နှင့် အိမ်ထောင်စုစာရင်း အထောက်အထား မတင်ပြနိုင်သော မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း စမုစခွန် (မဟာချိုင်) (၁) နှင့် (၂)၊ စမုပရာကန်၊ မယ်ဆိုင်၊ မဲဆောင်နှင့် ရနောင်းမြို့ တို့ရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေးစခန်းများတွင် မတ် ၃ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ 7 ELeven ဆိုင်အပါအဝင် Counter Service ဝန်ဆောင်မှု ပေးသောနေရာများ၌ မတ် ၁ ရက်တွင် စတင်ငွေပေးသွင်းရမည်ဖြစ်သည်။

 

အလုပ်သမားများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်အတွက် ဘတ် ၁၀၅၀ ကုန်ကျမည်ဖြစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) အတွက် ဘတ် ၃၀၀ ကုန်ကျမည်ဖြစ်သည်။

 

အလုပ်သမားများအနေဖြင့် ပိုမိုကုန်ကျမှုများမရှိစေရေး ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) စခန်းများ၌ ကိုယ်တိုင် သွားရောက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

 

အထောက်အထားထုတ်ပေးရေး လုပ်ငန်းစဉ်အသေးစိတ်ကို သိရှိလိုပါက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော www.mol.gov.mmသို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။ ထို့အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ Complaint Mechanism -၀၆၇ ၄၃၀၁၈၄၊ ၀၆၇ ၄၃၀၂၈၄၊ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ- ၀၆၇ ၄၃၀၁၈၃၊ ၀၆၇ ၄၃၀၁၈၄၊ ၀၆၇ ၄၃၀၁၈၅ နှင့် ထိုင်းနိုင်ငံရှိ ဦးမိုးအောင်ခိုင် (အလုပ်သမား သံအရာရှိ) - + ၆၆ ၆၃၃၁၄၁၉၉၂၊ ဦးအောင်ကိုသန်း (အလုပ်သမားသံအရာရှိ) +၆၆ ၆၃၄၄၂၆၂၀၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။