မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်

Printer-friendly versionSend by email
 

နေပြည်တော် ဩဂုတ် ၁

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်းအား ၂၀၁၅ ခုနှစ်မှ စတင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်လိုက် သည်။

အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသည့် နေ့မတိုင်မီ (၁၀)နှစ်အတွင်း အခြေချနေထိုင်ခွင့်မရှိသော ဗီဇာတစ်မျိုးမျိုး ကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် (၃)နှစ်အောက်မနည်း စဉ်ဆက်မပြတ် ဝင်/ထွက် သွားလာနေထိုင်လျက်ရှိသော ကျွမ်းကျင်ပညာရှင်/ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်  နိုင်ငံခြားသား များ၊ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသည့်  အိမ်ထောင်သက်အနည်းဆုံး (၂)နှစ်ရှိပြီး နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်လျှောက်ထားသည့် နေ့မတိုင်မီ(၁၀)နှစ်အတွင်း အခြေချ နေထိုင်ခွင့် မရှိသော ဗီဇာတစ်မျိုးမျိုးကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် (၂)နှစ်အောက်မနည်း စဉ်ဆက်မပြတ် ဝင်/ထွက်သွားလာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားဇနီး (သို့မဟုတ်) ခင်ပွန်း၊ အဆိုပါ နိုင်ငံခြားသားများနှင့်အတူ တစ်ပါတည်း လိုက်ပါနေထိုင်လိုသော ယင်းတို့၏ တရားဝင် ဇနီး/ ခင်ပွန်းနှင့် ယင်းတို့က မွေးဖွားသော/ တရားဝင် မွေးစားသော အသက် (၁၈) နှစ်အောက် အိမ်ထောင်မပြုရသေးသည့် နိုင်ငံခြားသား သား/သမီးများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသား အဖြစ်ခံယူထားသော မြန်မာနိုင်ငံသားဟောင်းများ လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများသည် ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံး/ အဖွဲ့ရုံးများနှင့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၇လမ်း၊ အမှတ် (၁၁၁/၁၁၃) ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ်တို့တွင် လိုအပ်သော စာရွက် စာတမ်းများနှင့်အတူ ကာယကံရှင် ကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းအတွက် အမြဲနေထိုင်ခွင့် လျှောက်ထားခငွေ (ပြန်လည်ထုတ်ယူ၍မရ) အမေရိကန်ဒေါ်လာ(၅၀၀)ကို ပေးဆောင်ရမည် ဖြစ်ပြီး တစ်ပါတည်း ပူးတွဲလျှောက်ထားသည့် မိသားစုဝင်အတွက် အခငွေထပ်မံပေးဆောင်ရန် မလိုကြောင်းနှင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီမှ လူတွေ့အကဲဖြတ်စစ်ဆေးရန် အကြောင်းကြားပါက နေပြည်တော်ရှိ  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ လျှောက်ထားသူကိုယ်တိုင် လာရောက် ရမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခွင့်ပြု ကြောင်း အကြောင်းကြားစာကို လက်ခံရရှိလျှင် အကြောင်းကြားသည့်နေ့ရက်မှ ရက်ပေါင်း (၆၀) အတွင်း သတ်မှတ်စာရွက် စာတမ်းများနှင့်အတူ ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင် ခွင့် ဌာနစိတ်တွင် နိုင်ငံခြားသားတစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၁၀၀၀)၊ မြန်မာနိုင်ငံသားဟောင်း တစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၅၀၀)၊ အသက်(၇)နှစ် မှ (၁၈)နှစ်အထိ တရားဝင်သား သမီးတစ်ဦးစီအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၃၀၀)၊ အသက်(၇)နှစ်အောက် ကလေး(အခမဲ့)ဖြင့် သတ်မှတ်အခကြေးငွေပေး၍ လျှောက်ထားသူ အပါအဝင် တစ်ပါတည်းလျှောက်ထားသူ မိသားစုဝင်များ ကိုယ်တိုင်လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး အမြဲနေထိုင်ခွင့် လက်မှတ်ထုတ်ယူခြင်းကို သတ်မှတ်ရက် (၆၀)အတွင်း ဆောင်ရွက်ခြင်းမရှိပါက ထိုနေ့မှစ၍ ရက်ပေါင်း(၁၂၀)အတွင်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြလျှောက် ထားရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရရှိသူသည် ကနဦး(၅)နှစ် နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး (၅)နှစ် အတွင်း(၁)နှစ်လျှင် (၁)ကြိမ် သက်တမ်းပြန်လည် အတည်ပြုရမည်ဖြစ်ကြောင်း၊ ထိုသို့ သက်တမ်း ပြန်လည်အတည်ပြုရာတွင် သက်တမ်းမပြည့်မီ ရက်ပေါင်း (၆၀)အတွင်း လျှောက်လွှာနှင့်အတူ ကာယကံရှင်ကိုယ်တိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဌာန စိတ်တွင် လာရောက်လျှောက်ထား ရမည်ဖြစ်ပြီး (၅)နှစ်ပြည့်ပါက ထပ်မံ၍ (၁)ကြိမ်လျှင် (၅)နှစ်သက် တမ်းတိုးလျှောက်ထားနိုင်ကြောင်း၊ ထို့ပြင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ရရှိသူ သည် လျှောက်ထားစဉ်က ဖော်ပြပါရှိသည့် မြန်မာနိုင်ငံ၏ နေရပ်လိပ်စာပါမြို့နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် အထောက်အထား စာရွက် စာတမ်းများနှင့်အတူ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ယူရန် ကာယကံရှင်ကိုယ်တိုင် လျှောက်ထားရယူရမည်ဖြစ်ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လက်မှတ် ပျောက်ဆုံး/ ပျက်စီး ခြင်း၊ ယခင်အချက် အလက်များ ပြောင်းလဲ/ပြင်ဆင်/ဖြည့်စွက် ခြင်းတို့နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ဌာနစိတ်နှင့် သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများ တွင် လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပြည်ပ နိုင်ငံ အသီးသီးရှိ သက်ဆိုင်ရာ မြန်မာသံရုံးများတွင်လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၈)၊ နေပြည်တော် (ဖုန်း ၀၆၇-၄၃၁၅၀၀၊  ၀၆၇-၄၃၁၅၁၅) တို့သို့လည်းကောင်း၊ ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mip.gov.mm တို့တွင်လည်းကောင်း မေးမြန်းဆက်သွယ်ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။