အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr. Abul Hassan Mahmood Ali ၏ ဖိတ်ကြားချက်အရ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ တရားဝင် ခရီးသွားရောက်ခဲ့ပါသည်။

 

ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Ms. Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr. Abul Hassan Mahmood Ali ၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Mr. Asaduzzaman Khan ၊ ဝန်ကြီးချုပ်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Maj-Gen(Ret) Tarique Ahmed Siddiqueနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College) ကျောင်းအုပ်ကြီး Lt-Gen Chowdhury Hasan Sarwardy တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

 

အဆိုပါ တွေ့ဆုံမှုများတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် က ဒီမိုကရေစီအစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ပြန်လည် ရင်ကြားစေ့ရေး နှင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် အသင့်ရှိနေသည့် နားလည်မှုစာချွန်လွှာများကို နှစ်ဖက်အဆင်ပြေမည့် အချိန်တွင် ဆောလျင်စွာ လက်မှတ်ရေးထိုးသွားရေး၊ ဒေသတွင်းစီးပွားရေး ဖွံဖြိုးတိုးတက်မှုများ ရှိလာသည်နှင့်အမျှ ဖွံဖြိုးမှု နောက်ကျခြင်းကြောင့် ဖြစ်ပေါ်သည့် ကိစ္စများကို ဖြေရှင်းနိုင်ရေး၊ အကြမ်းဖက်မှု နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံစဉ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဝန်ကြီးချုပ်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တို့က ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်လိုပါကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ Zero tolerance မူ ကို ကျင့်သုံးပါကြောင်း၊ မိမိတို့ နယ်မြေကို အသုံးပြုပြီး၊ အခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်သော မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ မိမိတို့မြေပေါ်တွင် လက်မခံသည့်မူကို ကျင့်သုံးပါကြောင်း၊ မည်သည့် ခွဲထွက်ရေးကိုမျှ လက်မခံပါကြောင်းဖြင့် ပြောကြား၍ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ အဆိုပြုထားသည့် နှစ်နိုင်ငံအကြား Border Liaison Office တည်ထောင်ရေးနှင့် Security Cooperation ဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ဆောလျင်စွာလက်မှတ် ရေးထိုးရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

 

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် က နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတိုက် ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြား၍ ဘင်္လားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာဘက်မှ ထွက်ပြေးလာသည် ဆိုသူများအား ပြန်လည်လက်ခံရေးအတွက် မေတ္တာရပ်ခံခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် National Verification လုပ်ငန်းစဉ် အစီအစဉ်ကို ဆောင်ရွက်နေကြောင်း၊ အဆိုပါ လုပ်ငန်းစဉ် ဦးစွာ အောင်မြင်စွာ ဆောင်ရွက်ရန်အရေးကြီးကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံရုံးယာယီ တာဝန်ခံ၊ မြန်မာစစ်သံမှူးကြီးနှင့် သံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအစိုးရ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ခရီးစဉ်၏ ရလဒ်နှင့် ပတ်သက်၍ တွေ့ဆုံပြောကြားခဲ့ပါသည်။

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒါကာမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိခဲ့ပါသည်။