ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ခုနစ်ဖွဲ့တို့တွေ့ဆုံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံရေး ရပ်တည်ချက်စာအုပ် ပေးအပ်မည်

Printer-friendly versionSend by email

နေပြည်တော် မေ ၂၅

မြန်မာနိုင်ငံမြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့ဖြစ်သည့် ''ဝ'' ပြည်သွေးစည်း ညီညွတ်ရေး ပါတီ/ ''ဝ''ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်-(NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)တို့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၆ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များ၏ နိုင်ငံရေး ရပ်တည်ချက် စာအုပ်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အား ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

''ဝ'' ပြည်နယ် ပြင်ပဆက်ဆံရေးဌာနမှူး ကျောက်ကော့အန်းက ''နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန်တွေ့ဖို့တော့ရှိတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ရင် ဘာပြောမလဲဆိုတာကို လောလောဆယ် တိုင်ပင်ဆွေးနွေးဖို့ ပြင်ဆင်ထားတာမရှိဘူး။

အခုတစ်ခေါက် ညီလာခံဟာ ချောမွေ့ကောင်းမွန်တယ်။ ကျွန်တော်တို့ ဖွဲ့ထား တဲ့ကော်မတီမှာ နိုင်ငံရေးရပ်တည်ချက်ကို ရေးဆွဲထားတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စာအုပ် ထုတ်ထားတာ ဖြန့်ဝေပေးမယ်။ အချို့မီဒီယာတွေ အထင်လွဲနေတာရှိတယ်။ ကျွန်တော်တို့ ဖွဲ့ထားတဲ့ကော်မတီ ဟာ အစိုးရကို တိုက်ခိုက်တယ်ဆိုတာ မဟုတ်ဘူး။

ကျွန်တော်တို့ ဖွဲ့တယ်ဆိုတာ ပြည်တွင်းရဲ့ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင် ဖို့ ဖွဲ့ထားတာပါ။ ဖွဲ့ထားတဲ့ ကော်မတီက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်'' ဟု ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်တို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်လာသည့် မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့အား ယနေ့နံနက်ပိုင်းက သီးခြားစီသွားရောက် တွေ့ဆုံခဲ့သည်။

ဒေါက်တာတင်မျိုးဝင်းက ''အခု တစ်ဖွဲ့ချင်းစီကို ကျွန်တော်တို့ တွေ့ဆုံပါတယ်။ ကျေးဇူးတင်ကြောင်း ပြောတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့က ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ချက် ခြင်းတူတယ်။ အခုသူတို့ပေးတဲ့ အရာတွေအကုန်လုံး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ ကျွန်တော်တို့ တင်ပြပေးမယ်။

ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ ဒေသခံပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက် မယ်။ အခု ကျွန်တော်တို့ မြင်ရတယ်။ တွေ့ဆုံခွင့်ရတယ်။ ယုံကြည်မှုတည်ဆောက်ဖို့အတွက် မျက်နှာချင်းဆိုင်စကားပြောတယ်။ ပုဂ္ဂိုလ်ရေးအရ လွတ်လွတ်လပ်လပ် တွေ့တာပါ။ တွေ့ဆုံမှုက တိုးတက်မှု ရှိတယ်'' ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

မြောက်ပိုင်းအဖွဲ့များသည် စတုတ္ထအကြိမ် ပန်ခမ်းအစည်းအဝေးတွင် သဘော တူညီခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းနှင့် ၇ဝ ရာခိုင်နှုန်းတူညီသော ယင်းတို့၏ နိုင်ငံရေးရပ် တည်ချက်စာအုပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ မူကိုလက်မခံရင်လည်း ဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ ဆက်ပြီးဆောင်ရွက်နိုင်အောင်၊ ထိုးဖောက်နိုင်အောင်၊ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက် သွားမယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်တယ်'' ဟု ကျောက်ကော့အန်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် KIA မှ ဦးအန်ဘန်လနှင့် ဇနီးတို့ကို နေ့လယ်စာနှင့် တည်ခင်းဧည့်ခံ၍ KIA ၊ SSPP ၊ UWSA ၊ NDAA တို့နှင့် တွေ့ဆုံမည်။ ယင်းနောက် AA ၊ TNLA ၊ MNDAA တို့နှင့် ဆက်လက် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံမှုအပေါ် ဦးဇော်ဌေးက ''တွေ့တဲ့အပိုင်း က နေပြည်တော်ကို မြောက်ပိုင်းအဖွဲ့တွေ ရောက်လာတယ်။ ညီလာခံတက်တယ်။ ညစာစားပွဲတက်တယ်။

နေပြည်တော် ရောက်လာတဲ့ မြောက်ပိုင်းအဖွဲ့တွေကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခြင်းဖြစ်ပါတယ်'' ဟု သတင်းမီဒီယာများအား ဖြေကြားခဲ့သည်။

မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့သည် မေ ၂၃ က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည်။