ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ JMC ၏ ပုံရိပ်ကိုထိခိုက်စေသည့် ပြောဆိုမှုများကို ဂရုစိုက်၍ရှောင်ရှားပေးရန် JMC-U ဥက္ကဋ္ဌ ပြောကြား

Printer-friendly versionSend by email

ရန်ကုန် ဇူလှိုင် ၃

တပ်မတော်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ကို လက်ကိုင်ပြု၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကို တွန်းအား၊ ဖိအားများပေးနေခြင်း မရှိဘဲ JMC၏ ပုံရိပ်အားထိခိုက် စေသည့် ပြောဆိုမှုများကိုဂရုစိုက်၍ ရှောင်ရှားပေးရန် မေတ္တာ ရပ်ခံကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားလိုက်သည်။

 

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

''တပ်မတော်အနေနဲ့ JMC ကိုလက်ကိုင်ပြုပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တွန်းအားပေးနေတယ်။ ဖိအားပေးနေတယ်။ ဒီလိုပြောတာတွေ ကျွန်တော်တို့ကြားရပါတယ်။ အမှန် ကတော့ ကျွန်တော်တို့ JMC မှာ အဓိကက အကုန်လုံးသဘောတူမှ ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။

 

ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ စသည်ဖြင့်ရှိနေပေမယ့်လည်း ဥက္ကဋ္ဌက သီးခြားဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒုတိယဥက္ကဋ္ဌကလည်း သီးခြားဆုံးဖြတ်တာမဟုတ်ပါဘူး။ အားလုံးဒီမှာရှိတဲ့ အဖွဲ့ဝင်တွေ သဘောတူပြီးမှ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ JMC ရဲ့ ပုံရိပ်ကိုထိခိုက်စေတဲ့ ပြောဆိုမှုတွေကို ဂရုစိုက်ပေးဖို့၊ ရှောင်ရှားပေးဖို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်''ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

 

ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည့် အစည်းအဝေး တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်များအခြေအနေ၊ စောင့်ကြည့်ရေးနှင့် စိစစ်အတည်ပြုရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးလုပ်ငန်းများတွင် ဒေသခံအရပ်သားများ ပါဝင်ခွင့်ရရှိရေး ကိစ္စရပ် များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒေသခံအရပ်သား စောင့်ကြည့်မည့်သူများနှင့် ပတ်သက်၍ မိမိတို့ JMC နှင့်အပြိုင် အချို့အရပ်သား စောင့်ကြည့်ရေးအဖွဲ့များလည်း ရှိနေသည်ကို တွေ့ရှိရကြောင်း၊ JMC တွင် အရပ်သားစောင့်ကြည့်ရေးနှင့်ပတ်သက်၍ ဒေသဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ များသည် စောင့်ကြည့်မည့်ဒေသတွင် တိတိကျကျ ပါဝင်ရမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့အဖြစ် ပါဝင်ရာတွင် ပါဝင်သူများ၏ အရည် အချင်းများ ပြည့်ဝနေစေရန်အတွက် JMC-U က သင်ရိုးညွှန်းတမ်းများ ရေးဆွဲ၍ သတ်မှတ်တာဝန်ပေးရမည်ဆိုသည့် အချက် ပါဝင်ကြောင်း၊ JMC-U၊ JMC-Sတွင်ရှိသည့် အရပ်သား ကိုယ်စားလှယ်များကလည်း ကြပ်မတ် ဆောင်ရွက်ပေးသွားရန် ယခင်အစည်းအဝေးများတွင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိယ ဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက '' JMC ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖွဲ့စည်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းပုံနဲ့မတူပါဘူး။ တတိယအဖွဲ့အစည်းအဖြစ် နိုင်ငံခြား စောင့်ကြည့် သူတွေ ပါဝင်တဲ့ ဖွဲ့စည်းပုံမျိုး မဟုတ်ဘဲနဲ့ ပြည်တွင်း ပဋိပက္ခဖြစ်စဉ်မှာ တိုက်ရိုက်သက်ဆိုင်တဲ့ အစိုးရ၊ တပ်မတော်၊ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားအစုအဖွဲ့များဆိုတဲ့ အစုအဖွဲ့သုံးစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း သုံးခုကြားထဲမှာ ယုံကြည်မှု တည်ဆောက်ရေးဟာ အဓိကကဏ္ဍမှာပါဝင်နေပါတယ်။ နောက်ပြီးတော့ JMC နဲ့ JMC ကိုအကောင်အထည်ဖော်မှုကိုလည်း ဒီအဖွဲ့သုံးခုက ယုံကြည်မှုအပြည့်အဝ ရှိဖို့ လိုအပ်ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ JMC ကို လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်ဒေသမှာ ဒုက္ခသည်တွေနဲ့ လူထုကိုယ်တိုင်ကနေပြီးတော့ ယုံကြည်ကိုးစားပြီး ကျွန်တော်တို့ကို ထောက်ခံလာဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် JMC အဖွဲ့ဝင်အားလုံးက တစ်ယောက်တည်း အကျိုးအတွက်သော် လည်းကောင်း၊ တစ်ဖွဲ့တည်းအကျိုးအတွက်သော်လည်းကောင်း မကြည့်ဘဲနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ရရှိဖို့ကို အကျိုးကိုကြည့်ပြီးတော့ ဆက်လက်ပြီး အကောင် အထည်ဖော်သွားရမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။

 

စည်းအဝေးတွင် JMC ၏ လုပ်ထုံးလုပ်နည်းဖြစ်သည့် ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူများ၊ ပဋိပက္ခဒဏ်ခံစားရသူများ၊ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) က လုပ်ဆောင်ရမည့်လုပ်ထုံး လုပ်နည်းများ (မူကြမ်း)၊ JMC Support Platform ၏ လုပ်ငန်းလမ်းညွှန်၊ JMC နှင့်ပူးပေါင်း ပါဝင် ဆောင်ရွက်ရမည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာတွင် ဆောင်ရွက်ကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန် (မူကြမ်း) တို့ကို အတည်ပြု ခြင်းနှင့် ပြုစုရေးဆွဲခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အရပ်သားကိုယ်စားလှယ်များအစုအဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ(၂) စောမက်သယူးအေးက ''ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အရွေ့တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါတုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ဖို့ဆိုရင် နှစ်ဖက်သော လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ရှေ့တန်း တင်ပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အရွေ့မှာတော့ လူမှုအဖွဲ့အစည်း တွေရဲ့ အခန်းကဏ္ဍ၊ တစ်နည်းအားဖြင့် မြန်မာပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ တိုင်းသူပြည်သားတွေရဲ့ အခန်းကဏ္ဍ ပါဝင် လာတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် ကျွန်တော်တို့ သွားနေတဲ့ခရီးတာရဲ့ အရွေ့တစ်ခုလည်းဖြစ်ပါတယ်''ဟု ပြောသည်။

 

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ JMC-U အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စား လှယ်များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။