You are here

ဒုတိယအကြိမ် စီမံကိန်းကော်မရှင်တတိယနေ့ အစည်းအဝေးဆက်လက်ကျင်းပ

ဒုတိယအကြိမ် စီမံကိန်းကော်မရှင်တတိယနေ့ အစည်းအဝေးဆက်လက်ကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် သြဂုတ် ၁၅

ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့အစည်းအဝေးကို ယနေ့နံနက် (၉) နာရီ မိနစ်(၂ဝ)တွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ တက်ရောက် ကြသည်။

 

ယနေ့အစည်းအဝေးတွင်  ဒုတိယသမ္မဒေါက်တာစိုင်းမောက်ခမ်းက ဆွေးနွေးရာ၌ နိုင်ငံတော် အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ကျော် ခဲ့ပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအလိုက် အောင်မြင်မှု အထိုက်အလျောက် ရရှိခဲ့သည်များ ရှိသကဲ့သို့ မအောင်မြင်သေးသည်များလည်း  အထိုက်အလျောက် ရှိခဲ့ပါ ကြောင်း။

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးအနေဖြင့် ကြီးကြပ်မှုအပိုင်းနှင့် မူဝါဒအပိုင်းကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ အနေဖြင့် လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်မှု အပိုင်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် ဘေးတိုက် အကူအညီပေးရေး အပိုင်းကိုလည်းကောင်း တာဝန်ယူဆောင်ရွက်လျက် ရှိကြပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြလာသည့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ တင်ပြချက်များကို  သုံးသပ်ရာ၌  ပြည်ထောင်စုဝန်ကြီးဌာနများက ပုံမှန်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရောထွေးတင်ပြနေသည်များ တွေ့ရှိရပါကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း စာရင်းဇယား အချက်အလက်များ အပေါ် လုပ်ငန်းကဏ္ဍ အလိုက် သုံးသပ်ဆွေးနွေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးသိန်းထိုက်၊ ဦးခင်မောင်မြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သူရဦးမြင့်မောင်၊ ဦးသိန့်ညွန့်၊ ဦးဇော်မင်း၊ ဦးအောင်ကြည်၊ ဦးဉာဏ်ထွန်းအောင်နှင့် ဦးသိန်းထွန်းတို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံခြား Grant / Loan များကို ပြည်သူလူထုဗဟိုပြု အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး စီးပွားရေး တွက်ခြေကိုက်မည့် လုပ်ငန်းများ Quick Win ရရှိစေမည့် လုပ်ငန်းများ ဦးစားပေးရွေးချယ် ဆောင်ရွက်ရေး ဆိုင်ရာများနှင့်  စပ်လျဉ်း၍  အသီးသီးဆွေးနွေး တင်ပြကြပြီး မွန်းတည့် (၁၂) နာရီတွင် အစည်းအဝေးကို ခေတ္တ ရပ်နားသည်။    

 

ယင်းနောက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အစည်းအဝေးကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌ များ တက်ရောက်ကြသည်။

 

အစည်းအဝေး အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးအေးမြင့်၊ ဦးခင်မောင်စိုး၊ ဦးတင့်ဆန်း၊ ဦးတင်နိုင်သိန်း၊ ဦးလှထွန်း၊ ဒေါက်တာဖေသက်ခင်နှင့် ဦးစိုးသိန်းတို့က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံခြား Grant / Loan များကို ပြည်သူလူထု ဗဟိုပြု အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး စီးပွားရေးတွက်ခြေကိုက်မည့် လုပ်ငန်းများ၊ Quick Win ရရှိစေမည့် လုပ်ငန်းများ ဦးစားပေး ရွေးချယ်ဆောင်ရွက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးတင်ပြကြသည်။

 

၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ ပြောကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ဒုတိယသမ္မတများနှင့်ပြည်ထောင်စုဝန်ကြီးများ

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးချုပ်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဥက္ကဋ္ဌများ ခင်ဗျား

တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေနဲ့ ဒီနေ့ အစည်းအဝေးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ တိုးတက်အောင်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သွားလာရေးအတွက် နောင်လာနောက်သားများ အတွက်ပါ စဉ်းစားပြီး မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေကို ရေးဆွဲအကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်မှုများကို တင်ပြသွားကြတာ တွေ့ရှိရပါတယ်။

တင်ပြချက်တွေရဲ့ အနှစ်ချုပ် လိုအပ်ချက်ကို သုံးသပ်ဆွေးနွေးရရင်

 

-

ပထမလိုအပ်ချက်က ဘက်ပေါင်းစုံ ပြည့်စုံအောင် စဉ်းစားထားတဲ့ အစီအမံ (Plan) ရှိဖို့နဲ့ မြို့ကြီးပြကြီးဆိုရင် ကိုယ့်ရဲ့ ဌာနဆိုင်ရာ ကျွမ်းကျင်သူနဲ့ မရေးဆွဲနိုင်ရင် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူ ပညာရှင်များ အကူအညီ ရယူပြီး ရေးဆွဲ ကြဖို့၊

 

-

ဒုတိယလိုအပ်ချက်က ရေးဆွဲပြီးတဲ့ Plan ကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့ များနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အားလုံးသိအောင် ချပြပြီး အကြံဉာဏ် ပေးနိုင်အောင် ကျယ်ကျယ် ပြန့်ပြန့် ချပြ ဆွေးနွေး ထုတ်ပြန် ကြေညာ အကြံဉာဏ်ယူဖို့၊

 

-

 အကြံဉာဏ်ရယူ ဖြည့်စွက်အတည်ပြု ရေးဆွဲပြီးတဲ့ Master Plan ရလျှင် လမ်း၊ တံတား၊ အိုးအိမ်နဲ့ဆိုင်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ် ဓါတ်အားမူဝါဒနဲ့ဆိုင်တဲ့ လျှပ်စစ်ဝန်ကြီး ဌာန၊ မြို့ပြအုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်မှုဆိုင်ရာဌာနများ၊ စီမံ/စီးပွားဝန်ကြီးဌာန၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန စတဲ့ မြို့ပြအတွင်း အကျုံးဝင်တဲ့ ဌာနဆိုင်ရာများမှ ဥပဒေ၊ မူဝါဒ လုပ်ထုံးလုပ်နည်းများနဲ့ စပ်လျဉ်း၍ ၎င်းတို့ရဲ့ ကဏ္ဍအလိုက် စီမံကိန်းများနဲ့ ကိုက်ညီဆီလျော်မှု ရှိ/မရှိ သဘောထား မှတ်ချက်များ ရယူပြီး စီမံကိန်း ကော်မရှင်သို့ တင်ပြ၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရယူရန် ဖြစ်ပါတယ်။

 

-

စီမံကိန်း ကော်မရှင်မှ အတည်ပြုခွင့်ပြချက် ရရှိပြီးပါက ဒေသန္တရ စီမံကိန်း ကာလတိုနှင့် ကာလရှည် စီမံကိန်းများတွင် ထည့်သွင်း ဖော်ပြ၍ လည်းကောင်း၊ လတ်တလော တစ်နှစ်ချင်း ဆောင်ရွက် ရန် ကိစ္စများကို တစ်နှစ်ချင်း ဒေသန္တရ စီမံကိန်းတွင် ထည့်သွင်း ဖော်ပြ၍ လည်းကောင်း၊ လွှတ်တော်သို့ ပေးပို့ သဘောတူညီချက် ရယူထားရန် လိုအပ်ပါတယ်။

 

စီမံကိန်း(Plan) ရေးဆွဲအတည်ပြု ခွင့်ပြုချက် ရပြီးတဲ့နောက် လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းဟာ ကြီးမားပြီး ကာလရှည် ဆောင်ရွက်ရတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက်

 

-

လတ်တလော ပြည်သူတွေ နေရေးထိုင်ရေး ခက်တဲ့အပိုင်း၊ မီးဘေး စိုးရိမ်နေရတဲ့အပိုင်း၊ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်တဲ့ အပိုင်း၊ ရေမီးလိုအပ်ချက်အပိုင်း၊ သွားလာရေး လိုအပ်ချက် အပိုင်းတွေကို ၂၀၁၅ ခုနှစ် မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း အစီအမံကို ပြည်သူ့အကြားမှာ ပြည်သူ့ဆန္ဒနဲ့အညီ သိသိသာသာ တိုးတက်အောင် ပြောင်းလဲဆောင်ရွက်မယ့် လတ်တလောစီမံချက်နဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

 

-

ကာလတို့ လုပ်ရမယ့် လုပ်ငန်းတွေအပိုင်းမှာတော့ မြို့ပြရဲ့ အခြေခံ အဆောက်အဦ (Infrastructure) ပိုင်းကို နိုင်ငံတော် ဘတ်ဂျက်၊ အခွန်အကောက်ရငွေ၊ နိုင်ငံခြားချေးငွေ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ရရှိမှုအပေါ် လုပ်နိုင်မည့် ပမာဏ ခွဲဝေ တွက်ချက်၍ နှစ်အလိုက် ဆောင်ရွက်နိုင်မယ့် ကာလတိုစီမံကိန်း နဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

 

-

နောင်လူဦးရေ တိုးလာမယ့် အခြေအနေအတွက် မြို့ပြကို အလျားလိုက်ချဲ့ခြင်း၊ ဒေါင်လိုက်ချဲ့ခြင်းများအတွက်ကို ရေရှည် စီမံကိန်းနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

လတ်တလောစီမံချက်နဲ့ အကောင်အထည်ဖော်ဖို့ စဉ်းစားတဲ့အခါ

 

-

မိမိတို့ နှစ်ရှည်အတွက် ကြိုတင်လျာထားတဲ့ Master Plan ကြီးကို မပျက်ယွင်းစေဘဲ ဇုန်ပိုင်းခြားပြီး

 

 

-

လူနေရပ်ကွက်များအတွက် Residential Zone

 

 

-

 စက်မှု လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တို့ချဲ့ လိုပါက Industrial Zone

 

 

-

 စီးပွားရေး လုပ်ငန်း အချက်အခြာ Commercial Zone

 

 

-

 Car Parking, Recreation Center ဘတ်စ်ကားယာဉ် သယ်ယူပို့ဆောင်ရေး၊ မြို့ပတ်ရထား စသဖြင့် ပြည်သူ အတွက် လတ်တလော လိုအပ်ချက်၊ ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်ချက်နှင့် အလုပ်အကိုင် အခွင့်အလမ်း အတွက် လိုအပ်ချက်များကို  ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်။

          လက်တွေ့အ​ကောင်အထည်ဖော်တဲ့အခါမှာ

 

-

လူအင်အားဖွဲ့စည်းမှု အပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တော် အတွက် သက်ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများရဲ့ တိုင်းအဆင့်ဌာနများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ ကွပ်ကဲမှုအောက်ပေးပြီး ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနများက မိမိတို့မူနဲ့ လူကို တိုက်ရိုက် ကွပ်ကဲထားတဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အနေနဲ့ မြို့ပြဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်နဲ့ တစ်စုတစ်စည်းတည်း ဖွဲ့စည်း ဆောင်ရွက်နိုင်ဖို့ အခက်အခဲ ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများက ဥပဒေ လုပ်ထုံးလုပ်နည်း (Legal Framework) ကိုသာ မတိမ်းစောင်းအောင် ထိန်းကျောင်းပေးပြီး မြေပြင်လက်တွေ့ အကောင်အထည်ဖော်မှု အပိုင်းမှာ မိမိတို့ရဲ့ ဌာနဆိုင်ရာပုဂ္ဂိုလ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ကွပ်ကဲမှုနဲ့ လိုအပ်သလို ဖွဲ့စည်း ဆောင်ရွက် စေမှသာလျှင် အောင်မြင်မှာ ဖြစ်ပါတယ်။

 

-

အလားတူ ပြည်သူနဲ့ ထိတွေ့ဖြေရှင်းရတဲ့ထဲမှာ မြေနဲ့အိမ်ယာ ပိုင်ဆိုင်မှု ကိစ္စတွေပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဌာနများ အနေနဲ့ နိုင်ငံတော်က တိုက်ရိုက်ကော်မတီဖွဲ့စည်း တာဝန်ပေးအပ် ထိန်းသိမ်းထားသည့် မြေ၊ အဆောက်အဦ များမှတစ်ပါး ကျန်ဝန်ကြီးဌာန အစီအစဉ်ဖြင့် ရှိနေသည့် အဝန်းအဝိုင်းအတွင်းမှ မြေနှင့် အဆောက်အဦများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက စီမံကိန်းကော်မရှင်သို့ တင်ပြအတည်ပြု ထားသည့် မြု့ပြစီမံကိန်းနှင့် အညီ ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြလွှဲပြောင်းပေးသွားရမှာ ဖြစ်ပါတယ်။

 

-

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကလည်း မြေနှင့် အိမ်ယာ စီမံခန့်ခွဲမှုများဟာ ပြသနာရှုပ်ထွေးတဲ့အတွက် ဥပဒေလုပ်ထုံး လုပ်နည်းများ ထိန်းကျောင်းပေးရတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ သဘောထားမှတ်ချက် ရယူ တောင်းခံခြင်း မပြုဘဲ တိုက်ရိုက် စီမံခန့်ခွဲမှု မပြုလုပ်ဘဲ ပြည်ထောင်စုအစိုးရသို့ ထိုသဘောထား မှတ်ချက်များနှင့် အတူ အသုံးပြုခွင့် တင်ပြ ခွင့်ပြုချက် ရယူသွားဖို့ လိုပါတယ်။

 

-

အချို့အောက်ခြေမြို့နယ်များမှာ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများက သူ့နည်းသူ့ဟန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နေရာများ ချထားပေးခြင်း၊ ဘာသာရေးအဆောက်အဦ တိုးချဲ့မှုများကို မသိရှိခြင်း၊ အချို့ဓါတ်ဆီဆိုင် နေရာများကို ၎င်းတို့သဘောနှင့် ချထားခြင်းကြောင့် ပြည်သူများနဲ့ ပြဿနာ ဖြစ်ပွားခြင်းစတဲ့ ပြဿနာများကို ကြုံတွေ့နေတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက မြေ၊ အိမ်ယာကိစ္စများနဲ့ ပတ်သတ်ပြီး လုပ်ထုံး လုပ်နည်း မူတွေကို ချမှတ်၍ ပြည်ထောင်စု ဝန်ကြီးဌာနများရဲ့ ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ ဖိဖိစီးစီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့နဲ့ ယခင်ဖြစ်ပျက်နေသော ကိစ္စများကိုလည်း ပြန်လည်သုံးသပ်ပြီး စနစ်တကျ ဖြေရှင်း သွားရန်နဲ့ မဖြေရှင်းနိုင်သော ကိစ္စရပ်များကို အကြံပြုသုံးသပ် တင်ပြဖို့လိုပါတယ်။

 

-

ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာခွဲဝေအသုံးချမှု စိစစ်ရေး ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွေမှာ ဥပဒေလုပ်ထုံးလုပ်နည်းများဟာ အရေးကြီးတဲ့အတွက် ဥပဒေလုပ်ထုံး လုပ်နည်းများ အမြန်ရေးဆွဲ ပြဋ္ဌာန်း ဆောင်ရွက်နိုင်အောင် စီစဉ်လျက် ရှိပါသည်။

 

-

တစ်ဖက်ကလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံကြ သူများအတွက် အခြားနိုင်ငံများကဲ့သို့ အဆင်ပြေ ချောမွေ့ခြင်း မရှိတဲ့ကိစ္စမှာ မြေနေရာရရှိရေး ကြန့်ကြာမှုများကြောင့် ဖြစ်တဲ့ အတွက် ဒါဟာလည်း မြို့ပြစီမံကိန်း ကြိုတင်ရေးဆွဲ မထားနိုင်လို့ ပေါ်ပေါက်ရတဲ့ ပြဿနာထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ မြေယာနဲ့ ပတ်သက်ပြီး မြို့ပြစီမံကိန်းနှင့်အညီ ဖြစ်မှသာ ခွင့်ပြုရမယ်လို့ အမိန့်ကြော်ငြာစာ ထုတ်ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် သဘောထား မှတ်ချက် ပေးတိုင်းမှာ

 

 

-

ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည့်နေရာသည် မြို့ပြစီမံကိန်းနှင့် ညီညွတ်မှု ရှိ/မရှိ

 

 

-

ပြည်သူတို့၏ လူမှုစီးပွားရေးကို ထိခိုက်နိုင်မှု ရှိ/မရှိ

 

 

-

သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိ/မရှိ

 

 

-

မြို့နယ်ဒေသ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်/မဖြစ်

စတဲ့အချက်တွေကို မြို့နယ်အဆင့်က ပြီးစလွယ် တင်ပြတာမျိုး မဟုတ်ဘဲ စနစ်တကျ ကွင်းဆင်းစိစစ်လေ့လာ သုံးသပ်ပြီးမှ သဘောထားမှတ်ချက် ပေးဖို့ လိုပါတယ်။

 

ပြည်သူတွေရဲ့ ရုံးကနားတွေနဲ့ ဆက်ဆံရတဲ့ ဒုက္ခ၊ ဟိုရုံးပြေး ဒီရုံးပြေး အချိန်ကုန်ပြီး ပိုက်ဆံကုန်တဲ့ ကိစ္စရပ်တွေဟာ နေရာတိုင်းမှာ ကြားနေရပြီး ဒီနေ့ပြည်သူတွေ အဆင်မပြေတဲ့ အထဲမှာ ဒီကိစ္စဟာ ထိပ်တန်းက ပါဝင်နေပါတယ်။ ဒါကြောင့် အခြားနိုင်ငံတွေမှာ တစ်နေရာတည်းမှာ ပြည်သူတွေ လုပ်ကိုင်ပြီးစီးမယ့် ရုံးပေါင်းစုံများကို စုစည်းထားပြီး ဆောင်ရွက်ပေးတာတွေ တွေ့ရှိရပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့မန္တလေးမှာ နိုင်ငံတော်ပိုင် အဆောက်အဦတွေထဲက တိုင်းအဆင့်ရုံးများကို ပြည်သူတွေတစ်နေရာတည်းနဲ့ ပြီးမယ့် လုပ်ငန်းစဉ်တွေအတွက် စုစည်းထားနိုင်အောင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဌာနများ စီစဉ်ပေးဖို့ ပြောကြားလိုပါတယ်။ ဥပမာ- ကုန်သွယ်ရေးကိစ္စ လုပ်တယ်ဆိုရင် စီးပွားကူးသန်း၊ အကောက်ခွန်၊ ဘဏ်၊ ဆိပ်ကမ်း ကိစ္စရပ်တွေကို တိုင်းအဆင့် သို့မဟုတ် မြို့နယ်အဆင့် ရုံးပေါင်းစုံ စုစည်းပေးခြင်းမျိုး၊ အချို့ ပတ်စပို့၊ ဗီဇာ ကိစ္စ နိုင်ငံခြားရေး၊ သတင်းတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး စသဖြင့် မြို့နယ်အဆင့် စုပေါင်းရုံးတွေကို ဆောင်ရွက် ပေးနိုင်မှ ဒီနေ့ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး Good Governance, Clean Government အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

 နိဂုံးချုပ်အားဖြင့် ဒီစီမံကိန်းကော်မရှင်က ချမှတ်လိုက်တဲ့ မူဝါဒများကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အသေးစိတ် ပြန်လည်ညှိနှိုင်းပြီး နောက်တစ်ကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ တင်ပြသွားကြဖို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

 

 

 

 

Share/Save
www.president-office.gov.mm
This is the official website of Myanmar President Office